တောင်ဥက္ကလာပမြို့နယ် အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းများပြုလုပ်

တောင်ဥက္ကလာပ စက်တင်ဘာ ၂၆

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ကျန်းမာရေးစစ်ဆေးပေးခြင်းများနှင့် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၁၀) နာရီအချိန်က အမှတ်(၁၃)ရပ်ကွက် အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်‌ ဒေါက်တာအေးငြိမ်းစိုးနှင့် ဆရာမများက အစာအုပ်စု (၃) ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင်စားသောက်ရန်၊ တစ်ကိုယ်‌ရည်သန့်ရှင်းမှု အထူးဂရုပြုရန်၊ သွားနှင့် သွားဖုံးကျန်းမာရေးအတွက် စနစ်တကျ သွားတိုက်ရန်၊ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းမှ ကင်းဝေးစေရေးဂရုပြုရန်၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန်နှင့် စနစ်တကျလက်ဆေးကြရန် စသည်ဖြင့်ကျန်းမားရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ခံဆရာဝန်များပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ တစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှု စစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းတို့ကို ဆောင်ရွက်‌‌လျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)