သထုံ စက်တင်ဘာ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ကွင်းတွင် ရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် မိုးစပါးစိုက်ဧကများ အမြန်ဆုံး ပြန်လည်အစားထိုးစိုက်ပျိုးပြီးစီးရေးအတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ အဆိုပါကျေးရွာရှိ တောင်သူတစ်ဦး၏ လယ်ယာမြေ၌ ယမန်နေ့၊ နံနက်ပိုင်းက ကောက်စိုက်စက်ဖြင့် အခမဲ့ကူညီစိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
ကူညီစိုက်ပျိုးပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ကွင်းအမှတ် (၅၄၃) တောင်သူတစ်ဦး၏ လယ်ယာမြေ (၇) ဧက၌ ၁၈ ရက်သား ရွှေသွယ်ရင်မျိုးစပါးလေးတင်းခွဲရှိ ပျိုးဗန်းအချပ်ရေ (၇၀၀)အား ကောက်စိုက်စက်ဖြင့် အခမဲ့ကူညီစိုက်ပျိုးပေးခဲ့ကြသည်။
သထုံမြိုနယ်အတွင်း မိုးစပါးစိုက်ဧကပေါင်း (၁၃၃၁၁၁) ဧကရှိသည့်အနက် ပြီးခဲသည့်ဇူလိုင်လ စတုတ္ထပတ်မှစတင်ကာ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာအုပ်စု (၂၀) တို့၌ မိုးစပါးစိုက်ဧကစုစုပေါင်း လေးသောင်းကျော်ခန့် ရေနစ်မြုပ်မှုဖြစ်ပွားခဲ့ကြောင်း ယင်းတို့အနက် (၁၈၈၄၆)ဧက သေကြေပျက်စီးခဲ့ရပြီး အဆိုပါပျက်စီးဧကများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် အမြန်ဆုံးပြန်လည်စိုက်ပျိုးလျှက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)