နမ့်ခမ်းမြို့ အမှတ်(၃)အခြေခံပညာအထက်ကျောင်း၌ သတ်မှတ်အသက်ပြည့်မှီသော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေး

နမ့်ခမ်း စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်ထက်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်ခမ်းမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာစိုင်းလှတင်မှ သားအိမ်ခေါင်းကင်ဆာ ရောဂါ အသိပညာပေးဆွေးနွေးဟောပြောရခြင်း၏ရည်ရွယ်ချက်များနှင့် သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက်အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမျိုးသမီးများဦးရေ (၁)သိန်းဦးလျှင် (၁) ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP)ထိုးနှံရန် အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ ၁-၉-၂၀၁၁ ရက်နေ့မှ ၃၁-၈-၂၀၁၄ ရက်နေ့အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီးကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းမရှိဘဲရောဂါဖြစ်ပွားပြီးမှ ဆေးကုသလျှင် ရောဂါဖြစ်ပွားမှု၏ အဆင့်အလိုက်ပေါ်၌ ရောဂါပျောက်ကင်းရန် ရာခိုင်နှုန်းနည်းပါးနိုင်ကြောင်း၊ ကာကွယ်ဆေးမထိုးနှံမီနှင့် ထိုးနှံပြီးအခြေအနေတွင် သိရှိလိုက်နာဆောင်ရွက်ရန်အချက်များအကြောင်း စသည့် ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးအကြောင်းအရာများကို ရှင်းလင်းဆွေးနွေး ဟောပြောခဲ့သည်။

ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးရာတွင် နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဒေါက်တာစိုင်းလှတင်နှင့် တာဝန်ရှိသူများက အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂) နှစ်ထက်မကျော်သော ကျောင်းသူများအား မွေးစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်ပေးပြီးနောက် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)အား စနစ်တကျထိုးနှံပေးကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)