မတ္တရာ၊ အောက်တိုဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV) ကို ပုံမှန်ကာကွယ်ဆေးထိုး/တိုက် အစီအစဉ် တွင် စတင်ထည့်သွင်းခြင်း မြို့နယ်အဆင့်အသိပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပေးဆွေးနွေးပွဲတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်လွင်ထွန်းမှ သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေးကို ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းတွင် စတင် Human Papilloma Virus(HPV)ထည့်သွင်းပြီး လုပ်ငန်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
HPV ကာကွယ်ဆေးသည် ကင်ဆာရောဂါကို ကာကွယ်နိုင်သော ကာကွယ်ဆေးတစ်မျိုး ဖြစ်သည်။ HPV ပိုးကြောင့်ဖြစ်တတ်သည့် သားအိမ်ခေါင်းကင်ဆာနှင့်မျိုးပွားလမ်းကြောင်းမှာ ဖြစ်ပွားတတ်သည့် ကင်ဆာရောဂါများကို ကာကွယ်ပေးနိုင်သောဆေးဖြစ်ကြောင်း၊ HPV ပိုးသည် လိင်ဆက်ဆံခြင်း၊ အရေပြားထိတွေ့ခြင်းကနေ ကူးစက်တက်ပြီး၊ HPV ကူးစက်ခံရသူ အများစုမှာ ရောဂါလက္ခဏာမပြဘဲရှိတတ်သောကြောင့် မည်သူမဆို အချိန်မရွေး ရောဂါပိုး ကူးစက်နိုင်ကြောင်း သိရသည်။ အဆိုပါ HPV ကာကွယ်ဆေးကို အောက်တိုဘာ၂၀ ရက်မှစတင်၍ သတ်မှတ်ထား ကာကွယ်ဆေးထိုးစုရပ်များတွင် အသက် (၉) နှစ်မှ (၁၀) နှစ်အထိ မိန်းကလေးငယ်တိုင်းကို (၁၂) လ ခြား၍ (၂) ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး မတ္တရာ မြို့နယ် တွင် HPV ကာကွယ်ဆေးထိုးနှံပေးရမည့် အသက် (၉) နှစ်မှ (၁၀) အထိ ရည်မှန်း မိန်းကလေးဦးရေ (၂၇၉၇) ဦးရှိကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)