ဝမ်းတွင်းမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခြင်းကို ယနေ့နံနက် () နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းခွဲ (လျော်ပင်) ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းများကို ကျင်းပပြုလုပ်ပေးရခြင်းနှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောက မိမိတို့ဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အခြေခံပညာများကျောင်းများတွင် လူငယ်လူရွယ်များအတွက် စကားဝိုင်းများကို ကျင်းပပြုလုပ်လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ လူစွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံသားကောင်းရတနာများဖြစ်သည့် လူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုသည့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တက်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆိုတက်စေရန်၊ လူငယ်များအချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်ကာ ပူးပေါင်းဆောင်ရွက်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်များ အချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်ရည်များ ရင့်သန်လာစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် လူငယ်စကားဝိုင်းများကို ကျင်းပပြလုပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ မအေးသန္တာကျော် Grade-11 က မူးယစ်ဆေးဝါး ဘာကြောင့်သုံးစွဲရသလဲ၊ မရတီလွင် Grade-11 က မူးယစ်ဆေးဝါး ဆိုးကျိုး၊ မောင်ထက်ဝေယံ Grade-11က မူးယစ်ဆေးဝါး အမျိုးအစား၊ မမေသံစဉ် Grade-11 က မူးယစ်ဆေးဝါးကို မြန်မာနိုင်ငံက ဘယ်လိုတိုက်ဖျက်နေသလဲ ၊ မောင်ကြယ်စင်မင်းခန့် Grade-11 က မူးယစ်ဆေးဝါးကို ကမ္ဘာက ဘယ်လိုတိုက်ဖျက်နေသလဲ စသည့် ခေါင်းစဉ်အများအလိုက် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူလေးများက ဆွေးနွေးချက်များအပေါ် သိလိုသည်မျာကို ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ဆက်လက်ပြီး လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းမွန်မွန်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ လူငယ်စကားဝိုင်းသည် ဝမ်းတွင်းမြို့နယ်တွင် (၅) ကြိမ်မြောက် ကျင်းပပြုလုပ်သော စကားဝိုင်းဖြစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျေင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)