နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

နွားထိုးကြီး စက်တင်ဘာ  ၂၅

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ယမန်နေ့ နံနက် ၁၀ နာရီက အသိပညာပေး ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေး ဆွေးနွေးပွဲတွင် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဦးတင့်လွင်ဦးက ကောလဟလအန္တရာယ် တားဆီးကာကွယ်ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယ စခန်းမှူး ရဲအုပ်ဝဏ္ဏကိုက အွန်လိုင်းဂိမ်း၊ အွန်လိုင်း ကံစမ်းမဲ အွန်လိုင်းချေးငွေ လောင်းကစားလုပ်ငန်းများနှင့် အွန်လိုင်းမှ လိမ်လည်လှည့်ဖျားမှုများ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မိခင်နှင့်ကလေးကျန်းမာရေး ဆရာမ ဒေါ်ဇာဇာထက်မှ သတိပြု ကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်၊ က‌လေးအတွက် အရေးပါသော အာဟာရ ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြသည်။  မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်မှ အသိပညာပေး ဆွေးနွေးသူများအား အမှတ်တရ လက်ဆောင်ပစ္စည်း များ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်အင်ကြင်းခင်ဇော်နှင့် အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဌာနမှ ဝန်ထမ်းမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်