ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုချက်အရ စနစ်တကျလယ်ယာမြေများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံဆွေးနွေး

ဇေယျာသီရိ စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ တောင်သူများ၏ တောင်းဆိုချက် အရ စနစ်တကျလယ်ယာမြေများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက မအူတောကျေးရွာအုပ်စု၊ ထန်းတစ်ပင်ကျေးရွာနှင့် သစ်တပ်ကျေးရွာ အုပ်စု၊ သစ်တပ်ကျေးရွာတို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဇေယျာသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်း၊ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချစ်ကြည်မောင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဇင်ဝင်း၊ တပ်ကုန်းမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်း၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး ဆွေးနွေးပွဲတွင် ဦးဇေထက်အောင်က ဒေသခံတောင်သူများ၏ လယ်ယာမြေများ စနစ်တကျလယ်ယာမြေ ဖော်ဆောင်ခြင်းဖြင့် တောင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသခံတောင်သူများ၏ တောင်းဆိုချက်အရ ယခုလိုတွေ့ဆုံဆွေးနွေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး တပ်ကုန်းမြို့နယ် စက်မှုလယ်ယာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းက စနစ်ကျလယ်ယာမြေဖော်ဆောင်မည့် အခြေအနေများနှင့် ဖော်ဆောင်ပြီးပါက ရရှိလာနိုင်သည့် အကျိုးကျေးဇူးများအကြောင်းကို ဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ဖြေကြားခဲ့သည်။ ယင်းနောက် ဒေသခံတောင်သူများက ထန်းတစ်ပင်ကျေးရွာရှိ ကွင်းအမှတ် ၁၅၆၃/ ၁၅၆၄/ ၁၅၉၈/ ၁၅၉၉ ကွင်းအတွင်းရှိ စုစုပေါင်းဧက ၂၂၀ အား စနစ်တကျလယ်ယာမြေ ဖော်ဆောင်နိုင်ရေးအတွက် သဘောတူလက်မှတ်များ ရေးထိုးပေး ခဲ့သည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ်စိမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် တာဝန်ရှိသူများက သစ်တပ်ကျေးရွာအုပ်စု၊ သစ်တပ်ကျေးရွာသို့ ရောက်ရှိပြီး ကွင်းအမှတ် ၁၆၀၇ ကွင်းအတွင်းရှိ ဧက ၂၈၀ အား စနစ်တကျလယ်ယာမြေ ဖော်ဆောင်နိုင်ရေးအတွက် ဒေသခံတောင်သူများနှင့် ဆွေးနွေး ညှိနှိုင်းခဲ့‌ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)