တောင်ဥက္ကလာ စက်တင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပ စေတီတော်မြတ်ကြီး ရှေးဟောင်းခုနစ်ဆူဘုရားနှင့် အောင်တော်မူစေတီ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က မဟာမုနိဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားဖွင့်လှစ်ခဲ့ပါသည်။ မြို့နယ်သံဃနယကဆရာတော်ဘန္တနန္ဒစာရထံမှ သရဏဂုံသုံးပါးနှင့် ငါးပါးသီလတော်မြတ်ကို ခံယူဆောက်တည်ပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော ပရိတ်တရားတော်မြတ်များကို နာယူကြည်ညိုခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်အရှင်သူမြတ်များအား နဝကမ္မအလှူတော်ငွေနှင့် ဝါဆိုသင်္ကန်းတော်မြတ်များအား ဆက်ကပ်လှူဒါန်းပူဇော်ပြီး အလှူရှင်များ လှူဒါန်းပူဇော်မှုအပေါ် သမိုင်းဝင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူကြည်ညိုပြီး ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဂေါပကအဖွဲ့ဝင်များ၊ အထောက်အကူပြုကော်မတီဝင်များ၊ အမျိုးသမီးဓမ္မစကြာ ကော်မတီဝင်များနှင့်အလှူရှင်များက တက်ရောက်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)