သထုံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

သထုံ စက်တင်ဘာ ၂၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ လှမဉ္ဇူခန်းမ၌ ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှူး ဦးမင်းမင်းရှိန်က "လူငယ်နှင့်အားကစား" ခေါင်းစဉ်ဖြင့် ဟောပြောရာ၌ လူငယ်များကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားကြရေး၊ ကျောင်းသားကျောင်းသူများ သိထားသင့်သည့် အားကစားနည်းများ၊ အားလပ်ချိန်၌ အားကစားသင်တန်းများသို့ တက်ရောက်ပါဝင်ကာ ကျန်းမာကြံ့ခိုင်ပြီးဉာဏ်ရည်ထက်မြက်ရေးအတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြစေရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာတို့ကို ဟောပြောဆွေးနွေးသည်။

ယင်းနောက် ခရိုင်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက “လူငယ်နှင့် ကိုယ်ရည်ကိုယ်သွေးဖွံ့ဖြိုးမှု” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ရာ၌ ကျောင်းသားကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် နိုင်ငံနှင့်လူမျိုးအကျိုးအတွက် သယ်ပိုးထမ်းရွက်လာကြရမည်ဖြစ်ပြီး နိုင်ငံနှင့်လူမျိုးကို ချစ်မြတ်နိုးတတ်အောင်၊ တန်ဖိုးထားတတ်အောင် အသိပညာအတတ်ပညာများကို လေ့လာဆည်းပူးကြစေလိုပါကြောင်း၊ အသိပညာမြင့်မားမှသာ ဗလငါးတန်ဖွံ့ဖြိုးပြီး ကိုယ်ရည်ကိုယ်သွေးမြင့်မားမည်ဖြစ်ကြောင်း၊ နွေရာသီကျောင်းပိတ်ရက်ရှည် ကာလများတွင် အချိန်ကို အကျိုးရှိစွာအသုံးချစေလိုပြီး အနာဂတ်အတွက် ရည်မှန်းချက်ထားရှိရမှာဖြစ်‌ကြောင်း၊ စိတ်ဓာတ်စည်းကမ်းကောင်းပြီး ရိုးသားကြိုးစားတရားမျှတမှုရှိကာ မေတ္တာတရားဖြင့် ညှာတာထောက်ထားတတ်သူများဖြစ်ရန်လိုအပ်ကြောင်း ပြင်ပဗဟုသုတရရှိစေရန် စာပေများ ဖတ်ရှုလေ့လာကြစေလိုပါကြောင်း၊ လူငယ်များအကျင့်စာရိတ္တ ကောင်းမွန်ရမည်ဖြစ်ပြီး လူ့ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေနေတတ်စေလိုကြောင်းစသည်ဖြင့် လူငယ်များဘက်စုံဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးဟောပြော‌ပေးကြရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား‌၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရာ ဟောပြောပွဲသို့ တက်ရောက်လာကြသူတို့က စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်