ဟိုပုံးမြို့နယ်၌ တတိယအကြိမ်မြောက် နာဂပုရသာသနာလင်္ကာရသာမဏေကျော်စာမေးပွဲကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပုံး စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရသာ သနာလင်္ကာရသာမဏေကျော်အသင်းမှ ကျင်းပသော တတိယအကြိမ်မြောက် နာဂပုရသာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပနိုင်ရေး အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား ဩကာသကန်တော့ကျိုးဖြင့် ရှိခိုးကန်‌တော့၍  မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တုံခမ်းဘုန်းတော်ကြီးကျောင်းဆရာတော် ဦးအာလောကက နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲနှင့်ပတ်သက်သည်များကို မိန့်ကြားသည်။ ထို့နောက် သာသနာ လင်္ကာရကျောင်းဆရာတော်နှင့် နောင်တောင်းပရဟိတ တပ်ဦးဘုန်းတော်ကြီးသင်ပညာရေးကျောင်း ဆရာတော်တို့က နာဂပုရ သာသနာ လင်္ကာရ သာမဏေကျော်စာမေးပွဲကာလအတွင်း ဆောင်ရွက်ရမည့် အသေးစိတ်အစီအမံများကို မိန့်ကြားသည်။ ယင်းနောက် တက်ရောက်လာသည့် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးနေမျိုးလှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ဆရာတော်၊ သံဃာတော်များအား စာဖြေစဉ်ကာလအတွင်း မလိုလားအပ်သော ကျန်းမာရေးပြဿနာများမဖြစ်စေရေးအတွက် ဆွမ်း၊ ခဲဖွယ်များ ချက်ပြုတ်စီစဉ်ဆောင်ရွက်မည့် ဝေယျာဝစ္စ ဒါကာ၊ ဒါကာမများအနေဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်သည့် ဆွမ်း၊ ခဲဖွယ်များစီစဉ် ချက်ပြုတ်ဆောင်ရွက်ရန်၊ လုံခြုံရေးဆောင်ရွက်ထားရှိမည့် အခြေအနေများ၊ ယာဉ်ကြောပိတ်ဆို့မှုမရှိစေရေးအတွက် စီစဉ်ဆောင်ရွက်မည့် အစီအမံများကို လျှောက်ထားသည်။ အဆိုပါသာမဏေကျော်စာမေးပွဲကို နိုဝင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအရပ်ရပ်မှ စာဖြေသံဃာများ စက်တင်ဘာလ(၂၄)ရက်နေ့အထိ စာရင်းသွင်း ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း( ၁၈၁၈)ပါးဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်၍ ရပ်နီး/ရပ်ဝေးမှ ဒေသခံပြည်သူများလည်း အလှူငွေများ ဆက်ကပ် လှူဒါန်းနိုင်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)