အမရပူရ၊ အောက်တိုဘာ ၁၉
အမရပူရမြို့နယ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံမှူး၊ ဒုမဲရုံမှူးတာဝန်ထမ်းဆောင်ကြမည့်သူများအား မဲရုံလုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေချောမွေ့စေရန် မဲရုံမှူးသင်တန်းကို အောက်တိုဘာလ (၁၉) ရက် နံနက် (၉) နာရီအချိန်က ရတနာပုံတက္ကသိုလ်ကျောင်းတွင် ဖွင့်လှစ်ပို့ချခဲ့သည်။
အဆိုပါမဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းတွင် အမရပူရမြို့နယ် အထွေထွေရွေးကောက်ပွဲ ဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့ ဝင်များ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခ ဒေါက်တာအောင်မင်းနှင့် သင်တန်းနည်းပြဆရာ၊ ဆရာမများက အမရပူရမြို့နယ် ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၁)အုပ်စုတွင် မဲဆန္ဒရှင် (၁၇၃၄၇၀)ဦးကို မဲရုံပေါင်း (၁၃၇) ရုံဖြင့် ဆန္ဒမဲပေးကြမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ၊ မဲရုံမှူး၊ ဒုမဲရုံမှူး တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမ များ (၄၁၁) ဦးကို အောက်တိုဘာလ (၁၉) ရက်နေ့တွင် ခန်းမ (၆) ခန်းတွင် (၁၄၇) ဦး၊ အောက်တိုဘာလ (၂၀) ရက်နေ့တွင် ခန်းမ (၆) ခုတွင် (၁၃၂) ဦး ၊ အောက်တိုဘာလ (၂၁) ရက်နေ့၌ ခန်းမ (၆) ခုတွင် (၁၃၂)ဦး အသီးသီခွဲခြား၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ သင်တန်းပို့ချသွားမည် ဖြစ်သည်။
အဆိုပါသင်တန်းတွင် ပို့ချမည့်ဘာသာရပ်များ၊ သင်ရိုး (၁) မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ လုပ်ငန်း တာဝန်များ၊ မဲရုံအဖွဲ့ဝင်များခန့်အပ်ခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်ဆိုင်ရာသတိပြုရန်အချက်များ၊ သင်ရိုး (၂) မဲရုံတည်နေရာနှင့် မဲရုံအခင်းအကျင်း ကြိုတင်ပြင်ဆင်မှုများ၊ လိုအပ်သောစာရွက်စာတမ်းနှင့် ပစ္စည်းများစာရင်း ၊ သင်ရိုး (၃) လိုအပ်သည့်ပုံစံများ၊ စစ်ဆေးရမည့်အချက်အလက်များ၊ မသန်စွမ်းသူများ နှင့် အကူအညီလိုအပ်သူ မဲဆန္ဒရှင်များမဲပေးခြင်း၊ သင်ရိုး (၄) မဲရုံဖွင့်လှစ်ခြင်း၊ မဲပေးခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်၊ မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ခိုင်လုံမဲ၊ ပယ်မဲသတ်မှတ်ချက်များ၊ သင်ရိုး (၅) မဲရေတွက်ခြင်းလုပ်ငန်းစဉ်အဆင့်ဆင့်၊ ရေတွက်ရရှိသော မဲရလဒ်ထုတ်ပိုးခြင်း၊ မဲရုံပိတ်ခြင်း နှင့် မဲရေတွက်ခြင်း တိုက်ဆိုင်စစ်ဆေးမှုစာရင်း၊ သင်ရိုး (၆) ရွေးကောက်ပွဲဆိုင်ရာပြစ်မှုများနှင့်ပြစ်ဒဏ် များတို့ကို သင်တန်းနည်းပြဆရာ၊ ဆရာမများမှ (၃) ရက်ခွဲ၍ သင်တန်းပို့ချကြမည် ဖြစ်သည်။
ပြည့်ဖြိုးဝေ(အမရ)