နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန် ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ၊ မြို့မိ/မြို့ဖများ၊ လုပ်ငန်းရှင်များနှင့် လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန် ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ကန်တော်မင်္ဂလာရှမ်းကန်ကြီးသည် ပျဉ်းမနားမြို့၏ ကျက်သရေဆောင်ဖြစ်ပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၇၂၀ ခန့်က တည်ရှိနေခဲ့သည်ကို လေ့လာသိရှိရပါကြောင်း၊ ယခုအခါ နှစ်ပရိစ္ဆေဒကြာမြင့်လာသည့်နှင့်အမျှ နုန်းများ၊ သဲများ ပြည့်လာခြင်းကြောင့် ကန်အတွင်းရှိရေမှာလည်း တိမ်ကောလာသည့်အတွက် ရေကန်ပြန်လည်တူးဖော်ခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေး၊ အဆင့်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း၊ ရေကန်ပြန်လည်တူးဖော်ခြင်း၊ သဲနုန်းများအား စက်ယန္တရားများဖြင့် ဆယ်တင်ခြင်း လုပ်ငန်းများကို ၁၉၈၈ ခုနှစ်ကတစ်ကြိမ် တူးဖော်မွမ်းမံခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုအခါ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများနှင့် ရေကန်ပြန်လည် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်းပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင်ကိုလည်း အဆင့်မြှင့်တင်တည်ဆောက်ခြင်းလုပ်ငန်း၊ လူလျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိကြောင်း၊ ကန်တော်မင်္ဂလာရှမ်းကန်ကို အများပြည်သူ လာရောက်အပန်းဖြေအနားယူနိုင်သည့် ပျဉ်းမနားမြို့၏ အထင်ကရနေရာတစ်ခုအဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့မိ/မြို့ဖများ၊ အလှူရှင်များအနေဖြင့် ရေကန်ပြန်လည်တူးဖော်အဆင့်မြှင့်တင်ရာတွင် တစ်တပ်တစ်အား ကုသိုလ် ပါဝင်လှူဒါန်းကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City ၊ Clean City ၊ Smart City အဖြစ်  ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့၏  အထင်ကရနေရာ မင်္ဂလာကန်တော် ရှမ်းကန်ကြီးကို သန့်ရှင်းသာယာလှပပြီး အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုအဖြစ် ရေရှည်တည်ရှိနေရန်အတွက် မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူလူထုများက ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးကြရမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန် ဦးသန်းထွန်းဦးနှင့် ဇနီး ဒေါ်သီတာဇင်မိသားစုမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ ကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန် ဦးသန်းထွန်းဦးက လှူဒါန်းရာ မြို့မိ/မြို့ဖ တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ ကို နေပြည်တော် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း ၅၀ ကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်ကလည်းကောင်း လှူဒါန်းရာ မြို့မိ/မြို့ဖများက အသီးသီး လက်ခံရယူသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များက အလှူငွေများ ပေးအပ် လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် အမြဲတမ်းအတွင်းဝန်တို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ/မြို့တော်ဝန်က တက်ရောက်လာကြသည့် မြို့မိ/မြို့ဖများနှင့် အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။

ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရားကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းအတွက် နေပြည်တော်ကောင်စီ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များက ပထမအကြိမ်အလှူငွေပေးအပ်ပွဲတွင် နေပြည်တော်ကောင်စီမှတဆင့် ၇၆၀၈၂၀၀၀ ကျပ်ကို လှူဒါန်းပေးခဲ့ပြီး ယခုဒုတိယအကြိမ် ပေးအပ်လှူဒါန်းမှုမှာ အလှူရှင် ၈၄ ဦးမှ လှူဒါန်းငွေကျပ် ၅၄၆ သိန်း ပါဝင်လှူဒါန်းခဲ့ကြရာ စေတနာရှင် အလှူရှင်များအနေဖြင့် ဆက်လက်လှူဒါန်းလိုပါက နေပြည်တော်ကောင်စီရုံးသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ/ မြို့တော်ဝန်နှင့် အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ ကန်တော်မင်္ဂလာရှမ်းကန်တွင် အဆင့်မြှင့်တင်တည်ဆောက်လျက်ရှိသည့် ရေလယ်ကျောင်းဆောင်၊ ရှင်ဥပဂုတ္တကျောင်းဆောင်တို့ အသစ်တည်ဆောက်ခြင်း၊ လူလျှောက်လမ်းတံတား အသစ်တည်ဆောက်နေမှုနှင့်  ကန်တော်မင်္ဂလာရှမ်းကန်ပတ်လည်တွင် မြေယာရှုခင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများကို သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာ ဆောင်ရွက်ရန်၊ ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းစေမည့် အရိပ်ရပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ် သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)