ရွှေကူ အောက်တိုဘာ ၁၉
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များ တာဝန်ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးစီးအရာရှိ ဒေါ်ခင်ခင်ဆန်းက စီမံကိန်းရည်မှန်းချက်များ နှင့်ပတ်သက်၍ နိုင်ငံတော် အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် နှစ်စဉ်စီမံကိန်း ကာလတို၊ ကာလရှည် စီမံကိန်းများကို ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ယခင်နှစ်များမှ အားနည်းချက်၊ အားသာချက်များကို စိစစ်သုံးသပ်ပြီး ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ ပြည့်မီကျော်လွန်အောင် ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများမှ ဝိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား ကြရန် ပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စီမံကိန်း ဦးစီးမှူးတို့က ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ကို မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ ထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)