ရပ်စောက်မြို့၌ ထောပတ်သီးအခြေခံ လူသုံးကုန်ထုတ်လုပ်မှုမွမ်းမံသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရပ်စောက် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်းဖြစ်သည့် ထောပတ်သီးအခြေခံလူသုံးကုန်မွမ်းမံသင်တန်းဆင်းပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါ်ခိုင်ခိုင်သိန်းက သင်တန်းဆင်းအဖွင့်အမှာစကား ပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် သင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုသင်တန်းဆင်းများထဲမှ လုပ်ငန်းထူထောင်မည့် ထူးချွန်သည့် သင်တန်းသူ (၅)ဦးအား ရွေးချယ်ကာ လက်သုံးကိရိယာပစ္စည်းများအပြင် လုပ်ငန်းအမှန်တကယ် ထူထောင်လုပ်ကိုင်နိုင်ရန်အတွက် တစ်ဦးလျှင် ငွေကျပ်(၁၀)သိန်းနှင့်ညီမျှသော ဌာနပိုင်ပစ္စည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တာဝန်ရှိသူများက လုပ်ငန်းထူထောင်မည့်သူ (၅)ဦးအား လက်သုံးကိရိယာထောက်ပံ့ ပစ္စည်းများနှင့် တက်ရောက်လာသော သင်တန်းသူများအား သင်တန်းထွက်ကုန်ပစ္စည်းများကို ပေးအပ်ခဲ့ကြပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယခုဖွင့်လှစ်ခဲ့သော ထောပတ်သီးအခြေခံလူသုံးကုန်ထုတ်လုပ်မှုမွမ်းမံသင်တန်းအား အလယ်ချောင် ကျေးရွာတွင် ဩဂုတ် ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ကြာဖြင့် ပထမအကြိမ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အထိ (၅)ရက်ကြာဖြင့် ဒုတိယအကြိမ် ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းတွင် အစားအစာများ၌ ကျရောက်တတ်သော ဘေးအန္တရာယ်၊ သီးနှံများ ပျက်စီးရခြင်းအကြောင်း၊ တာရှည်ခံဓာတုဆေးဝါးများအကြောင်း ထောပတ်အဆီထုတ်လုပ်ခြင်း၊ ထောပတ်သီးအနှစ်၊ ကွတ်ကီး၊  လူသုံးကုန် ဆပ်ပြာအမျိုးမျိုး၊ ပရှပ်ဆီ၊ Lotion နှင့် ဆပ်ပြာဆီထုတ်လုပ်နည်းတို့ကို စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ အလယ်ချောင်ကျေးရွာမှ ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြများ၊ သင်တန်းသူများ စုစုပေါင်း(၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ဆုမွန်