နမ့်စန်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စည်းရုံးရေးကိစ္စရပ်များအတွက် ဌာနဆိုင်ရာအကြီးအကဲများနှင့် ပြည်သူများ တွေ့ဆုံ

နမ့်စန်(တ)  စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့ရေးရာစီမံခန့်ခွဲရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့်စည်းရုံးရေးကိစ္စရပ်များအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ရပ်မိရပ်ဖပြည်သူများ တွေ့ဆုံပွဲကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ဟိုက်ဖတ်ကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာရှိ မယ်ချီနုဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက တရားဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွယ်မှုမရှိစေရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ မြေပိုင်ဆိုင်မှုနှင့်မြေအသုံးချမှုဆိုင်ရာများ၊ သစ်တောရေးရာကိစ္စရပ်များ၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊  မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာဌာနအလိုက် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

ထို့နောက် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူများကို ကျန်းမာရေးစစ်ဆေး၍ ဆေးကုသပေးခြင်း၊ မြို့နယ်လဝကရုံးမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ဇော်နှင့် ဝန်ထမ်းများက ကျေးရွာနေပြည်သူများကို အိမ်ထောင်စုဇယားနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဟိုက်ဖတ်ကျေးရွာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝိမာလာနှင့် ရပ်မိရပ်ဖများ၊ ကျေးရွာ(၉)ရွာမှပြည်သူများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)