တပ်ကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ကင်းသာ)၌ လူငယ်စကားဝိုင်း ကျင်းပ

တပ်ကုန်း စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်စကားဝိုင်းအခမ်းအနားကို စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီက ကင်းသာကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ကင်းသာ)၊ ကျောင်းအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါစကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဒေါက်တာ ခင်မောင်ထွန်းက ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး အဖွင့်အမှာစကားပြောကြားပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပခဲ့ရာ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်ပြီး၊ အခြေခံပညာအထက်တန်းကျောင်း (ကင်းသာ)မှ မခင်ပြည့်စုံ (Grade-11) ၊ မောင်ကျော်မင်းထွန်း (Grade-11)၊ မရွှေရည်ဝင်း(Grade-11)၊ မအေးငြိမ်းစံ(Grade-11)၊  မဆွေဆွေအောင်တို့က လူငယ်နှင့်စည်းကမ်း၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့် IT နည်းပညာ၊ လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့်အားကစားခေါင်းစဉ်တို့ဖြင့် ဦးဆောင်ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာ သည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ စေ့စပ်ညှိနှိုင်းသူအဖြစ် ဆောင်ရွက်သော ဦးစီးအရာရှိနှင့် ဦးဆောင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသည့်  ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဒေါက်တာခင်မောင်ထွန်း၊ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ အခြေခံပညာအထက်တန်းကျောင်း(ကင်းသာ) ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်၊ ကင်းသာကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းနှင့် လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ပြီးနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်လှမျိုးနွယ်က ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသား မိဘများ၏ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတရသစာအုပ်များနှင့်မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများက လေ့လာကြည့်ရှုကြောင်း သိရသည်။

တင်စိုးလွင်