မုဒုံမြို့၌ ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်နှင့် စစ်ဆေးအကဲဖြတ်ခြင်း သင်တန်းဆင်းပွဲကျင်းပ

မုဒုံ စက်တင်ဘာ ၂၅

စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ဖွင့်လှစ်ခဲ့သည့် ရော်ဘာအစေးခြစ် လုပ်သားကျွမ်းကျင်မှုအဆင့် (၁) နှင့် စစ်ဆေးအကဲဖြတ်ခြင်း အမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက မုဒုံမြို့နှစ်ရှည်သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာန နှစ်ရှည်သီးနှံဌာနခွဲ ညွှန်ကြားရေးမှူး ဦးဝင်းဦးက မြန်မာနိုင်ငံရော်ဘာစိုက်ဒေသများရှိ ရော်ဘာခြံရှင်များ၊ အစေးခြစ်လုပ်သားများ အထောက်အကူပြုနိုင်သည့် သင်တန်းဖြစ်ကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံအားလုံးဖွံ့ဖြိုးတိုးတက်ရန်နှင့် အရည်အသွေးကောင်းရန် သုတေသနဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုဆောင်ရွက်ခြင်းနှင့် ရလဒ်များကို တောင်သူများအား နည်းပညာ ဖြန့်ဖြူးပေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ရော်ဘာသီးနှံတွင် မျိုး၊ ရေမြေ အနေအထား ကောင်းသော်လည်း အစေးခြစ်လုပ်သား ကျွမ်းကျင်မှုမရှိပါက အရည်အသွေးကောင်း မရနိုင်ကြောင်း၊ ပျက်စီးမှုများကြောင်း၊ အပင်ထိခိုက်မှုများပြီး ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်း ဖြစ်နိုင်မည်မဟုတ်ကြောင်း၊ သင်တန်းသားများ ယခုအတတ်ပညာများကို ဆက်လက်လေ့ကျင့်ပြီး လက်တွေ့အသုံးချရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။ ဆက်လက်၍ သင်တန်းတွင်ဆုရရှိသည့် သင်တန်းသားများကို တာဝန်ရှိသူများကဆုများနှင့် စစ်ဆေးအကဲဖြတ်ခြင်း အသိမှတ်ပြုလက်မှတ်များအား အသီးသီးပေးအပ်ချီးမြှင့်ပြီး သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာ ၁၁ ရက်နေ့မှ ၂၅ ရင်နေ့အထိ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ခြောက်ခုမှ သင်တန်းသား ၃၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)