တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် တိုင်း/မြို့နယ်အဆင့် ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်ရေးဆောင်ရွက်

တပ်ကုန်း စက်တင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် လာရောက်ဆေးကုသခံယူသည့် ပြည်သူများ  စိတ်အေးချမ်းစွာ ဆေးကုသမှုခံယူစေနိုင်ရန်၊ ဆေးရုံပတ်ဝန်းကျင်များ ပိုမိုသန့်ရှင်းသပ်ရပ်စေရန် နေပြည်တော်ကောင်စီ၏ ကြီးကြပ်မှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဌာနဆိုင်ရာ (၈) ဌာနမှ ဌာနအကြီးအကဲများနှင့် ဝန်ထမ်းများနှင့် တပ်ကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်သည့်အဖွဲ့များပူးပေါင်းကာ စက်တင်ဘာလ (၂၃) နေ့ နံနက်ပိုင်းက ခုတင် (၁၀၀) ဆေးရုံဝန်း အတွင်း/အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြို့နယ်ရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံ ကျန်းမာရေးဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ စုစုပေါင်းအင်အား (၂၄၅) ဦးဖြင့်  အမှိုက်သရိုက်များ၊ ချုံနွယ်များ၊ ရေဆိုးမြောင်းများ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြရာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည့်များ မှာကြားခဲ့ကြောင်းနှင့် အာဟာရဖြစ် ကောက်ညှင်ပေါင်း၊ အကြော်တို့ဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။

တင်စိုးလွင်