သင်္ဃန်းကျွန်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ

သင်္ဃန်းကျွန်း စက်တင်ဘာ ၂၅

အနာဂတ်မျိုးဆက်သစ်များ အရည်အသွေးပြည့်မီစေရေးနှင့် လူငယ်များဗလငါးတန်ပြည့်မီစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်က သင်္ဃန်းကျွန်းမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌဦးထိန်လင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်လှလှနွယ်က ရည်မှန်းချက်နှင့်စာရိတ္တမဏ္ဏိုင် ခေါင်းစဉ်အောက်မှ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်ဘဝပညာသင်သည့်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ကိုက်ညီတဲ့ ရည်မှန်းချက်များထားရှိရန်နှင့် လူငယ်များသည် နိုင်ငံရဲ့အနာဂတ်များဖြစ်သည့်အတွက် အသိပညာအတတ်ပညာများကို လေ့လာသင်ယူကြရာတွင် အကျင့်စာရိတ္တကောင်းမွန်ပြီး စာရိတ္တလိပ်ပြာလုံစွာနှင့် စာရိတ္တမာနများထားရှိကြရန် ဟောပြောခဲ့သည်။ ထို့နောက်‌ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမိက လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းသိရသည်။        

ထို့နောက် လူငယ်များအတွက် အသိပညာဗဟုသုတတိုးပွားစေရန် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး၊ အမျိုးသမီးအကြမ်းဖက်မှုအကြောင်း သိကောင်းစရာများကျန်းမာရေးဆိုင်ရာ နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၁၆၀ ဦးခန့် စိတ်ပါဝင်စားစွာတက်ရောက် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)