နေပြည်တော် စက်တင်ဘာ ၂၅
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် စက်တင်ဘာလ ၂၂ ရက်နေ့ ယနေ့ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုကျေးရွာအုပ်စု၊ ရှမ်းစုကျေးရွာ၌ စက်တင်ဘာ ၂၀ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါပြိုကာ လူနေအိမ် လေးလုံး ရွှေ့ပြောင်းခဲ့ရမှုအခြေအနေများကို သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ရွှေ့ပြောင်းခဲ့သည့် လူနေအိမ် လေးလုံးအား နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ ထောက်ပံ့သည့် တစ်အိမ်လျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ငွေကျပ် လေးသိန်း၊ လူ ၁၉ ဦးအတွက် တစ်ဦးလျှင် ဆန်ရိက္ခာဖိုး ၂၁၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်း ၃၉၉၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်အိမ်လျှင် တစ်ပုံးနှုန်းဖြင့် ကယ်ဆယ်ရေးပစ္စည်း လေးပုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ပလွေးချောင်းရေ တိုက်စားမှုကြောင့် ကမ်းပါပြိုမှုအား ကြည့်ရှုစစ်ဆေးပြီး ယာယီမြေထိန်းနံရံ အမြန်ပြုလုပ်ရန်၊ ရေရှည်ခိုင်မာစေရန်အတွက် မြေထိန်းနံရံဆက်လက်ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်းပါပြိုမှုကြောင့် (၄ ပင် × ၃ ပင်) သွပ်မိုး၊ အုတ်ခင်း နှစ်ထပ်အိမ် တစ်လုံး၊ (၄ ပင် × ၃ ပင်) သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာ နှစ်ထပ်အိမ် တစ်လုံး၊ (၄ ပင် × ၃ ပင်) သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ နှစ်ထပ်အိမ် နှစ်လုံး၊ ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)