ကျောက်ဆည်ခရိုင် အဆို၊အက၊အရေး၊အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျောက်ဆည်မြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲ ဦးစီးကော်မတီ အတွင်းရေးမှူး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးအောင်ဆန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့ဝင်(၂) ဦးအောင်သူ၊ အဖွဲ့ဝင်(၃) ဦးစိုးပိုင်နှင့် အတွင်းရေးမှူးဒုရဲမှူးကြီးရွှေဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက အဆို၊ အက၊အရေး၊အတီးပြိုင်ပွဲများ နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ (၂၄) ကြိမ် ရှိပြီ ဖြစ်ကြောင်း ကျောက်ဆည်ခရိုင်သည် ယဉ်ကျေးမှု အစဉ်အလာ မြင့်မားသော မြို့ဖြစ်ပါကြောင်း၊ ယခင်နှစ်က ဆုပေါင်း (၁၃)ဆု ရရှိခဲ့ပါကြောင်း  အနုပညာထူးချွန်သည့် ကျောင်းသား၊ကျောင်းသူ များ မြှင့်တင်ပေးခြင်းဖြစ်ရာ ကြိုးစားဆောင်ရွက်ပေးရန်၊ စည်းလုံးညီညွတ်စွာဖြင့် ခံယူချက်ရှိရှိ နိုင်ငံ့ကိုယ်စားပြု ထူးချွန်သူများဖြစ်အောင် ကြိုးစားကြရန် အမှာစကား ပြောကြားခဲ့ပြီး မိုးဇော်ဆင်အက၊ ဗဟိုအဆင့် တတိယဆုရ ရှိခဲ့သည့် မသုန်ရတီလင်းမှ တပင်တိုင်အက၊ ရွှေတံဆိပ်ဆုရှင် ရွှေစင်ကလျာထက်ထက်ကျော်နှင့် ဒိုးပတ်အဖွဲ့တို့မှ ဧည့်ခံဖျော်ဖြေခဲ့သည်။

ထို့နောက်ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အခြေခံပညာအဆင့်(၁၀-၁၅)နှစ်၊ အမျိုးသား၊ အမျိုးသမီးအက၊ ခေတ်ဟောင်းကာလပေါ် အမျိုးသမီးအဆိုပြိုင်ပွဲ၊ အခြေခံ ပညာအဆင့် (၁၅-၂၀)နှစ် အမျိုးသား၊ အမျိုးသမီးအက၊ ခေတ်ဟောင်းကာလပေါ် အမျိုးသား၊ အမျိုးသမီး အဆိုပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယအဆင့်၊ အမျိုးသားအကပြိုင်ပွဲ၊ ခေတ်ဟောင်းကာလပေါ် အမျိုးသမီးအဆိုပြိုင်ပွဲ၊  အမျိုးဂုဏ်ဇာတိဂုဏ် အမျိုးသမီးအဆို ပြိုင်ပွဲ၊အခြေခံပညာအဆင့် (၁၀-၁၅) နှစ် အမျိုးသားစန္ဒရား အတီးပြိုင်ပွဲ၊ အမျိုးသားပတ္တလားအတီးပြိုင်ပွဲ၊ အမျိုးသားဆိုင်း တစ်ဦးချင်း အတီးပြိုင်ပွဲ၊ ကျေးလက်ယိမ်းပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲ၊ အိုးစည်ပြိုင်ပွဲ၊ ဒိုးပတ်ပြိုင်ပွဲ၊ ဆိုင်းအဖွဲ့လိုက်ပြိုင်ပွဲများ ဆက်လက်ကျင်းပခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများ အသီးသီးချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။     

သက်မောင်(ကျောက်ဆည်)