နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ မူလတန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်

နောင်ချို စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ဉာဏစွမ်းရည်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်စွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ မူလတန်းအဆင့် စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြိုင်ပွဲများအား ဆက်လက်ပြုလုပ်ရာ အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးတို့က စာလုံးပေါင်းသတ်ပုံအမှန် ရွေးချယ်ပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲ များတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ပြိုင်ပွဲအပြီးတွင် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပေးခဲ့ကြပြီး အာဟာရနို့နှင့် မုန့်များကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်အတွက် သက်ဆိုင်ရာ နေ့ထူးနေ့မြတ်များနှင့် အခြား ဗဟုသုတရရှိစေမည့် ဟောပြောပွဲများ၊ ပြပွဲများနှင့် ပြိုင်ပွဲများကို လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)