ပျော်ဘွယ် အောက်တိုဘာ ၁၉
ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင် ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအဖြစ် တာဝန်ထမ်းဆောင်မည့် သူများအား မဲရုံလုပ်ငန်း ဆိုင်ရာများ သင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၉)နာရီမှစတင်ကာ အခြေခံပညာ အထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင် ကျင်းပပြု လုပ်ခဲ့ကြောင်းသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုးမြင့် က ယခုသင်တန်းဖွင့်လှစ်ခြင်းသည် မဲရုံမှူး၊ ဒုတိယ မဲရုံမှူးများ စနစ်တကျဖြင့် မှန်ကန်စွာဆောင်ရွက်နိုင်ရေး၊ တရားမျှတမှု၊ လွတ်လပ်မှု၊ ပွင့်လင်းမြင်သာမှု၊ အများ ယုံကြည်လက်ခံသည့် ရွေးကောက်ပွဲဖြစ်လာစေရေး၊ ရွေးကောက် ပွဲရလာဒ်များမှန်ကန်မှုရှိစေရေးတို့အတွက် သင်တန်း ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် နိုင်ရေးတို့အတွက် မြို့နယ် ကော်မရှင် အဖွဲ့ခွဲဝင်များမှ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ လမ်းညွှန်များ၊ မဲရုံမှူးလက်စွဲ စသည့် ရွေးကောက်ပွဲဆိုင်ရာဘာသာရပ်များအလိုက် သင်တန်း ပို့ချသွားမည် ဖြစ်ကြောင်းပြောသည်။
မဲရုံမှူး၊ ဒုတိယမဲရုံမှူးအား သင်တန်းပို့ချရာတွင် သင်တန်းခန်းတစ်ခန်းလျှင် သင်တန်းသား (၃၀)ဦးနှုန်းဖြင့် သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း၊ ပျော်ဘွယ်မြို့နယ်တွင် မဲရုံပေါင်း(၂၉၅)ရုံရှိပြီး သင်တန်းသားစုစုပေါင်း(၅၉၀)ဦးကို (၃)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)