မိတ္ထီလာ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၆.၇၈၃ သန်းဖြင့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအနက် လမ်းလေးလမ်းအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမြို့ပေါ်ရပ်ကွက်များအတွင်းရှိ အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိသောလမ်းမျာအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်း၊ ကတ္တရာခင်းခြင်းလုပ်ငန်းနှင့် ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းများကို မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၃-၂၀၂၄ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၁၁၆.၇၈၃ သန်းဖြင့် ပြည်သာယာတောင်ရွက်ကွက်(၃)လမ်းအား အရှည်ပေ ၉၆၈ပေ၊ အကျယ် ၁၂ ပေ၊ ထု ၃လက်မရှိ ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်း၊ ပြည်သာယာမြောက် မျက်နှာကြီးဘုရားလမ်းအား အရှည်ပေ ၇၆၀၊ အကျယ် ၁၂ ပေ၊ ထု ၉လက်မရှိ ကတ္တရာခင်းလုပ်ငန်း၊ အောင်ဆန်းရပ်ကွက် ပွဲစား တန်းလမ်းအား အရှည် ၁၁၂၂ပေ၊ အကျယ် ၁၂ ပေ၊ ထု ၆လက်မရှိ ကွန်ကရစ်ခင်းခြင်းလုပ်ငန်းနှင့် ဝန်ဇင်းရပ်ကွက် နည်းပညာတက္ကသိုလ်အဝင်လမ်းအား အရှည် ၈၄၆ပေ၊ အကျယ် ၁၄ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ် ခင်းခြင်းလုပ်ငန်းများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကြီးကြပ်ပြီး တင်ဒါ အောင်မြင်သည့် UNITE MANDALAY MYANMAR CO;LTD က တာဝန်ယူ၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)