လားရှိုးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

လားရှိုး စက်တင်ဘာ ၂၅

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မောဝ်ချယ်ရီခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ လားရှိုးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ယိမ်းဆောင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် လူငယ်စကားဝိုင်းကို ဦးဆောင် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး  လူငယ်စကားဝိုင်းကိုစတင်ရာ  Grade-11 မှ မပန်းအိဖြူက လူငယ်နှင့်မူးယစ်ဆေး၊ Grade-11 မှ မောင်အောင်သူရိန်မျိုးက လူငယ်နှင့်ပညာရေး၊ Grade-11 မှ မောင်သန်းဌေးအောင်က လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်အိုက်ကပ်စံက လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်တည်ခန့်နိုင်က လူငယ်နှင့်နည်းပညာ၊ Grade-11 မှ နန်းနန္ဒသိင်္ဂီက လူငယ်နှင့်ယဉ်ကျေးမှုခေါင်းစဉ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသားများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခြင်းအတွက် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးတင်မောင်မြင့်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)