မိတ္ထီလာ စက်တင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတို့ ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်နည်းပညာသင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းရှိ လေ့ကျင့်ပျိုးထောင်ရေး စင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်ယုယုလွင်က သင်တန်းဖွင့်လှစ်သင်ကြားပေးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူးနှင့် တာဝန်ရှိသူတို့က သင်တန်းတွင် ထူးချွန်သူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး ၎င်းသင်တန်းတွင် တက်ရောက်ခဲ့သော သင်တန်းသားသင်တန်းသူများအား သင်တန်းဆင်းလက်မှတ်ကို မိတ္ထီလာမြို့နယ်ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်က သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးအား ပေးအပ်ခဲ့ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းသင်တန်းကို သင်တန်းသား သင်တန်းသူ ၁၀ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၁၅ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါ မော်တာအပ်ချုပ်စက်နည်းပညာသင်တန်းဆင်းပွဲကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်း ဗဟိုအလုပ်အမှုဆောင် ဒေါ်ယုယုလွင်၊ မန္တလေးတိုင်းဒေသကြီး၊ အထည်ချုပ်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်လေးလေးမွန်၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းတင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)