ရခိုင်ပြည်နယ် မောင်တောမြို့၌ လူငယ်နှင့်ဗလငါးတန် ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြော

မောင်တော  စက်တင်ဘာ  ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင် ၊ မောင်တောမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွင် လူငယ်နှင့် ဗလငါးတန် ဖွံ့ဖြိုးစေရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၃ နာရီအချိန် အဆိုပါ ကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးနီကီးက အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက် ထောက် ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်က နိုင်ငံတော်မှ အနာဂတ်ကာလအတွက် လူငယ်များကို တန်ဖိုးမြှင့်မားသည့် လူစွမ်းအား အရင်းအမြစ်များဖြစ်လာစေရန် ပြုစုပျိုးထောင်ရာတွင်  ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊  မျက်မှောက်ခေတ်သည် ပညာခေတ်ဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် ပညာတတ်များစွာ လိုအပ်လျက်ရှိရာ ပညာရေးနှင့် ပတ်သက်၍ အားပေးဆောင်ရွက်ကြရန် နိုင်ငံတော်အကြီးအကဲက အမြဲမပြတ် တိုက်တွန်းအားပေးလျက်ရှိပါကြောင်း ၊ လူငယ်များအနေနဲ့ ဗလငါးတန် အားမာန်ပွား ကြမည်ဆိုလျှင် ကိုယ့်ရဲဘဝ ခရီးဟာ  ဟန်ချက်ညီညီဖြင့် လျှောက်လမ်းနိုင်မှာဖြစ်ပါကြောင်း ၊ ကာယ ဗလ ၊ ဉာဏဗလ ၊ ဘောဂဗလ ၊ မိတ်တဗလ ၊ စာရိတ်တဗလ ပြည့်စုံပြီး  စာရိတ္တနှင့် ကိုယ့်ကျင့်တရား ကောင်းမွန်ရန် လိုအပ်ကြောင်း စသည်တို့ကို အသိပညာပေး ဟောပြောခဲ့သည်။ ယင်းနောက် မောင်တောခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင် ၊ ဓါတ်ပုံပြပွဲနှင့် ခင်းကျင်းပြသထားသော စာအုပ်၊ စာစောင်များအား  တက်ရောက်လာကြသော သင်တန်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။အဆိုပါ အသိပညာပေး ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ  လက်ထောက်ညွန်ကြားရေးမှူး (တာဝန်ပေး) ဦးမြင့်ခိုင်နှင့် ဝန်ထမ်းများ ၊ ကျောင်းအုပ်ဆရာကြီး ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား ၊ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)