စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်း ကျင်းပ

စဉ့်ကိုင် စက်တင်ဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန CommunityCentre ခန်းမတွင် ယမန်နေ့နံနက် (၉) နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်း၍  "လူငယ်များ၏မိုးကောင်းကင်"  စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက စာဖတ်ဝါသနာပါသူများ၊ စာပေချစ်မြတ်နိုးသူများ ၊ စာဖတ်ပရိတ်သတ်များနှင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားခြင်း၊ မိတ်ဆွေအပေါင်းအသင်းများ တိုးပွားခြင်း၊ အတွေးအခေါ်သစ်များ  ရရှိခြင်း၊ အချိန်အနည်းငယ်အတွင်း အသိပညာများစွာ ရရှိစေသောကြောင့်  စာဖတ်ဝိုင်းသို့ တက်ရောက်စေလိုကြောင်း၊ ယခုကဲ့သို့ စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထများ ပိုမိုတိုးတက်ရရှိပါကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယက ဦးသန်းအောင်က စာဖတ်ဝိုင်းများကို အပတ်စဉ် ဆောင်ရွက်သွားစေလိုကြောင်း သို့မှသာ အသင်း၀င်များအနေနှင့် အတွေးအမြင်များ၊ ဖတ်ရှုလေ့လာမှုများကို ပြန်လည်မျှဝေခြင်းဖြင့် ပေးတစ်ဦးနှင့်တစ်ဦး ရင်းနှီးချစ်ခင်လာမှာဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍ ဝင်းမောင်မောင် (ပန်းလောင်လွင်ပြင်) စာရေးဆရာ မင်းချမ်းမွန် ရေးသားသည့် "မေမေနေကောင်းရဲ့လား" ဆောင်းပါးဖြင့်လည်းကောင်း၊ ဒေါ်ခန်ဆန်း၊ စာအုပ်စာစောင်ချစ်ခင်မြတ်နိုးသူများအသင်းက ပညာပြည့်ဝနှလုံးလှသော် ဆောင်းပါးဖြင့် လည်းကောင်း အခန်းကဏ္ဍများကို အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း မိမိတို့ လေ့လာထားသည့် စာအုပ်များဖြင့် အသီးသီး ပါ၀င်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(ပြန်/ဆက်)