ပြင်ဦးလွင် စက်တင်ဘာ ၂၄
မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်းသာယာလှပသော မြို့၊ ရွာ Clean city ၊ Clean Village များဖြစ်လာမည်ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ်မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာသန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်း ဆောင်နေကြသည့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ၊ တပ်မတော်သားများ၊ ဌာနဆိုင်ရာအသီးသီးနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
ယခုအချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ဦးဆောင်မှုနှင့်အတူနိုင်ငံ တစ်ဝန်းလုံး၌ တပ်မတော်သားများ၊ ဌာနဆိုင်အဖွဲ့အစည်းများ၊ ဒေသခံပြည်သူအားလုံးတို့က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ညီညီညွတ်ညွတ်ဖြင့်ဆောင်ရွက်လျက်ရှိကြပြီး အပတ်စဉ်စနေနေ့တိုင်းတွင်လည်းမိမိတို့၏ မြို့၊ ရွာများရှိ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ ပန်းခြံများအား သန့်ရှင်းသာယာလှပရေးကို အားတက်သရော ဆောင်ရွက်လျက်ရှိသည့်အပြင် ဆေးရုံ၊ ဆေးခန်းများ၌ ခြင်၊ ယင်၊ ပေါက်ဖွားမှုမရှိစေရေးနှင့် ဆေးရုံတက်ရောက်ကုသနေသော လူနာများအား လေကောင်းလေသန့်ရရှိစေရန် ချုံနွယ်၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၇ နာရီခွဲက ပြင်ဦးလွင်မြို့နယ် ၊ ရပ်ကွက်ကြီး (၅) ရှိ ကုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း၌ ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များကစုပေါင်း၍ ခြင်ခိုအောင်းနိုင်သော ချုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများတူးဖော်ပေးခြင်း၊ ဆေးရုံးဝန်းအတွင်း/ အပြင် သန့်ရှင်းရေးဆောင်ရွက်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးကြသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူးဦးဆောင်သော တပ်နယ်မှ အဆင့်မြင့်အရာရှိကြီးများ၊ ပြင်ဦးလွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့်အဖွဲ့ဝင်များ၊ ပြင်ဦးလွင်ကုတင် ၃၀၀ ဆံ့ပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာသင်းသင်းအိနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ဖြူလူသစ် (ခရိုင် ၊ ပြန်/ဆက် )