နမ့်ခမ်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေလီရတနာခန်းမ၌ စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “လူငယ်နှင့်ကျန်းမာရေး”ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အရှေ့၌ ပြောဆိုဆွေးနွေးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်၍ နမ့်ခမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနမှ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများတို့ ပူးပေါင်းပြီး လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။ အခမ်းအနားတွင် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသွယ်သွယ်ဝင်းက လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအတွက် ကောင်းကျိုးရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပစ္စုပ္ပန်ကောင်းကျိုးနှင့် နောင်အနာဂတ်ကောင်းကျိုးတို့ များစွာရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ပြန်/ဆက်ဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်း ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပေးခဲ့သည်။ လူငယ်စကားဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးထက်မြက်သူ ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။
"လူငယ်နှင့်ကျန်းမာရေး"ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း စတင်ဆွေးနွေးခဲ့ကြရာ ပါဝင်ဆွေးနွေးပြောကြားသူများအဖြစ် အ.ထ.က(၂)ကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-11 မနန်းသဲဇင်မာဝိုင်း၊ မအမ်အောင်ပွဲနှင့် မလွေးစောစောအောင်၊ Grade -10 မောင်မိုင်းကျော်မြင့်၊ မောင်နော်ဇဲန်းနှင့် မောင်ဟိန်း ထက်ဦးတို့က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်နှင့်ဆက်နွယ်သည့် သိမှတ်ဖွယ်ရာများ၊ ကျန်းမာရေးကောင်းမွန်စေရန် ပြုကျင့်နေထိုင်နည်းများနှင့်ပတ်သက်၍ အကြောင်းအရာများကို အသီးသီးဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးချက်များအပေါ် သိလိုသည်များကို မေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်း၊ ဦးဆောင် ဆွေးနွေးပေးသူများမှလည်း မေးမြန်းသည့်အချက်များကို ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက်ဖြေကြားဆွေးနွေးပေးခြင်းတို့ဖြင့် စကားဝိုင်းတွင် လူငယ်နှင့်ကျန်းမာရေးအကြောင်းအရာ ပြည့်ပြည့်စုံစုံများဖြင့် အပြန်အလှန်ဆွေးနွေးခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ အတွင်းရေးမှူး ဒေါ်သက်ထားလှိုင်နှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃)ကျောင်းတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၃၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နမ့်ခမ်း(ပြန်/ဆက်)