ပင်းတယမြို့၌ လူငယ်အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပင်းတယ  စက်တင်ဘာ  ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က တောင်ပေါ်ကြီးကျေးရွာ အ‌ခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒေသပညာရေးမှူး ဦးခင်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားပေးပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား၊ ကျောင်းသူများကို စာဖတ်သည့်   အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ လူငယ်နှင့်စာရိတ္တ၊ အားလပ်ချိန်ကို အကျိုးရှိ‌စွာ အသုံးချတတ်စေရန်၊ အတတ်ပညာသာမက အသိပညာပါ ရရှိစေရန် စသည်တို့ကို ပြောကြားပေးသည်။ ဆက်လက်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းခတ္တာမောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဟောပြောပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်ကိုလည်း

ကောင်း၊ ဒုတိယဦးစီးမှူးက စွန့်ပစ်အမှိုက်ပစ္စည်းများ၏ ဆိုးကျိုးများ၊ ရှောင်ရန်ဆောင်ရန်များနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားပေးရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်းသိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်နှင့် သက်ဆိုင်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ရာ ကျောင်းသား/သူများကစိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)အနေဖြင့် အလုပ်တာဝန်များ​ကြောင့် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်၍ စာအုပ်၊ စာစောင်များ မငှားရမ်းနိုင်သည့် ဝန်ထမ်းများ၊ ကျောင်းသား/သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်၊ စာစောင်များကို လက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ပရိသတ်၊ စာဖတ်ဝါသနာရှင်များကို သုတ/ရသစာအုပ်များအား လစဉ်လှည့်လည် အခမဲ့ငှားရမ်းပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)