မြစ်ကြီးနား စက်တင်ဘာ ၂၄
ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ရင်းနှီးမတည်ပေးထားသည့် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ ပြန်လည်ပေးသွင်းသည့် ပထမ(၆)လအတိုးရငွေဖြင့် ဒေသတွင်းစားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေး ကဏ္ဍအလိုက်လုပ်ငန်းများတိုးချဲ့၍ ရင်းနှီးမတည်ပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ငွေကျပ် ၈ ဘီလီယံကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လုပ်ငန်းကဏ္ဍအလိုက် ရင်းနှီးမတည်ပေးခဲ့ရာ မတ်လအတွင်း မတည်ငွေအားလုံးကို တောင်သူများလက်ဝယ်အရောက် မတည်ပေးနိုင်ခဲ့ပြီး လုပ်ငန်းများအောင်မြင်ဖြစ်ထွန်းစေရေး စဉ်ဆက်မပြတ်ကြီးကြပ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မိမိတို့ကော်မတီအနေဖြင့် ပထမ(၆)လအတိုးရငွေများကိုလည်း သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ကောက်ခံနိုင်ခဲ့သည့်အတွက် ယင်းငွေများကို ပြည်နယ်၏ စီးပွားစွမ်းအားမြှင့်တင် မှုပိုမိုမြန်ဆန်လာစေရန် လုပ်ငန်းများ ထပ်မံတိုးချဲ့မတည်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတိုးချဲ့မှုနှင့်အတူ ကုန်ထုတ်လုပ်မှုများ တိုးမြှင့်ထုတ်လုပ်၍ ဈေးကွက်ဖော် ဆောင်နိုင်မှသာ မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံအတွင်းရှိ ပြည်သူများ၏အကျိုးစီးပွား အမှန်တကယ် ဖြစ်ထွန်းအောင်မြင် လာမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ရင်းနှီးမတည်ငွေများအပေါ် မြို့နယ်များရှိ လုပ်ငန်းကဏ္ဍအလိုက် ပထမ(၆)လအတွက် အတိုးနှုန်းကောက်ခံရရှိမှု၊ ကြေးမြီကျန်ရှိမှု အခြေအနေများကို ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ရှင်းတင်းတင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် ကြပ်မတ်ဆောင်ရွက်နေမှု အခြေအနေများ၊ တိုးချဲ့ရင်းနှီးမတည်ပေးနိုင်ရေး၊ ထုတ်ကုန်များတိုးမြှင့် ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားမည့် အစီအမံများနှင့်ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရန်ပုံငွေများ ပုံမှန်လည်ပတ်နိုင်ရေး လုပ်ငန်းကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြသည်။
ထို့နောက် တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဗန်းမော်ခရိုင်အတွင်း ဝက်မွေးမြူရေး လုပ်ငန်းအားတိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် ဝက်စျေးကွက်ရရှိရေး ကြိုးစားဆောင်ရွက်ရန်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ပထမ(၆)လ အတိုးရငွေဖြင့် ထပ်မံရင်းနှီးမတည်နိုင်ရေးနှင့် ဒေသတစ်ခု ထုတ်ကုန်တစ်ခု ဖြစ်ထွန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ကချင်ပြည်နယ်အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် ၈ ဘီလီယံအား ခရိုင်(၆)ခရိုင်အတွင်းရှိ မြို့နယ်များအလိုက် စိုက်ပျိုးရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ(၁၁၀)၊ လုပ်ငန်းစီမံကိန်း(၉၇)ခု၊ မွေးမြူရေးဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ(၂၅)ရွာ၊ လုပ်ငန်းစီမံကိန်း(၂၅)ခု၊ ငါးလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ(၇)ရွာ၊ လုပ်ငန်းစီမံကိန်း(၈)ခုနှင့် သမဝါယမလုပ်ငန်းဆောင်ရွက်သော ရပ်ကွက်/ကျေးရွာ(၆၈)ရွာ၊ လုပ်ငန်းစီမံကိန်း(၆၈)ခုတို့ဖြင့် စုစုပေါင်းလုပ်ငန်းကဏ္ဍအလိုက် ရပ်ကွက်/ကျေးရွာပေါင်း(၂၀၃)ခုတွင် လုပ်ငန်းစီမံကိန်းပေါင်း(၁၆၈)ခု၊ သမဝါယမဖွံ့ဖြိုးရေးလုပ်ငန်းအရေအတွက်(၂၃)ခုတို့တွင် ရင်းနှီးမတည်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်နယ်ပြန်/ဆက်