ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မျိုးစေ့ထုတ်စိုက်ပျိုးထားသည့် မိုးစပါးစိုက်ဧကများ စတင်ရိတ်သိမ်း

ဟိုပုံး အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှုအစီအစဉ်အရ Rs-Cs မျိုးစေ့ထုတ်စိုက်ပျိုးထားသော SR-456 စပါးမျိုးစံကွက် ရိတ်သိမ်းခြင်းကို ဟိုပုံးမြို့ မြို့မကွင်းတွင် ယမန်နေ့ နံနက်ပိုင်း က စတင်၍ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။    

မိုးစပါးစံကွက်ကို တောင်သူ ဦးခွန်ဇော်ဌေး၏ လယ်ဧရိယာ(၇)ဧကတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်းနှင့် ကွင်းဝန်ထမ်းများ၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲထွန်းအောင်နှင့် ကွင်းဝန်ထမ်း များက စံကွက်ရိတ်သိမ်းမည့် လယ်ကွက်တွင် (၁)ဧကရှိ ကောက်ကွက်၊ အနှံပါပင်ပွား၊ တစ်နှံပါ အောင်စေ့၊ အစေ့(၁၀၀၀) အလေးချိန်စသည့် စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်းချွေလေ့ထားသော စပါးများ၏အထွက်နှုန်းကို တိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် (၁)ဧကလျှင် စပါး(အစို)တင်း၁၂၀ရရှိပြီး စပါး(အခြောက်) တင်း (၁၀၄.၃၂)တင်း ထွက်ရှိကြောင်းနှင့် ဟိုပုံးမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၀၀၀၀)ကျော် စိုက်ပျိုးထားရှိကြောင်း ကောင်း၊ သင့်၊ ညံ့၊ အလိုက် တောင်သူများထံ စံကွက်ရိတ်သိမ်းပြီး ပျမ်းမျှအထွက်နှုန်း ကောက်ယူ သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း က ပြောကြားခဲ့သည်။

နန်းခမ်းခြူး(ဟိုပုံး)