ကျောက်ပန်းတောင်း စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ ပတ္တမြားစေတီကျောင်းတွင် တည်ထားကိုးကွယ်မည့် အဘယသုခလာဘမုနိစေတီတော်ထီးတော်တင်လှူပူဇော်ပွဲကို ယနေ့ နံနက်(၈:၃၀)နာရီက အဆိုပါ စေတီတော်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်ကို ပတ္တမြားစေတီကျောင်းဝန်းအတွင်းရှိ ပေ ၄၀×၅၅ ပေအကျယ်ရှိ ရင်ပြင်တော်ပေါ်တွင် ဉာဏ်တော်အမြင့် ၂၇ ပေရှိ စေတီတော်ကို ကျောက်ပန်းတောင်းမြို့ ဘူတာရပ်ကွက်ရှိ ဦးလှမြင့်+ဒေါ်သွင်သွင်အောင် မိသားစုက တည်ထားကိုးကွယ်ခြင်းဖြစ်ကြောင်း သိရသည်။
စေတီတော်တွင် တင်လှူပူဇော်မည့် ထီးတော်များနှင့် ငှက်မြတ်နားတော်တို့ကို စက်တင်ဘာ(၂၃)ရက်နေ့ နံနက်(၉)နာရီက မြို့အတွင်း လှည့်လည်အပူဇော်ခံခဲ့ပြီး၊ ယခုနံနက်ပိုင်းတွင် ပတ္တမြားစေတီ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဝံဿ အမှူးပြုသည့် ဆရာတော်အရှင်သူမြတ်များနှင့် ဘုရားဒါယကာ၊ ဒါယိကာမ မိသားစုများ၊ ကြွရောက်လာသည့် ဧည့်သည်တော်များက ရှစ်ပါးသီလခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များ နာယူကြပြီး၊ အနုမောဒနာတရား နာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတမ်းပေးဝေကြသည်။
ယင်းနောက် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဝံဿနှင့် ဆရာတော် ဘဒ္ဒန္တစန္ဒာဝရတို့ ဦးဆောင်၍ အလှူရှင် မိသားစုများက ငှက်မြတ်နားတော်နှင့် ထီးတော်ဘုံအဆင့်ဆင့်ကို မင်္ဂလာပန်းရထားဖြင့် တင်လှူပူဇော်ကြသည်။ ထီးတော်တင်လှူမှုအပြီးတွင် အလှူရှင်မိသားစုများက ရတနာရွှေမိုး/ငွေမိုး ရွာသွန်းဖြိုးကြပြီး၊ ပတ္တမြားစေတီကျောင်း ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တ ပညာဝံဿ ဦးဆောင်သည့် သံဃာတော်အရှင်သူမြတ် (၇)ပါးတို့က စေတီတော်အား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းကို ဆောင်ရွက်ကြပြီး ထီးတော်တင်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အဆိုပါ အဘယသုခလာဘစေတီတော်ကို အလှူရှင်မိသားစုများ ကျောက်တောင်၊ ကျောက်ခွက်များကြားတွင် ကျောက်ကြီးများ ဖြည့်တင်း၍ ရင်ပြင်ညီအောင် ဦးစွာဆောင်ရွက်၍ စေတီတော်အား တည်ထားခဲ့ခြင်းဖြစ်ကြောင်း သိရပြီး၊ ရင်ပြင်ပြုပြင်ခြင်းနှင့် စေတီတော်တည်ထားခြင်းများအတွက် စုစုပေါင်း ငွေကျပ်သိန်း ၄၈၀ ခန့် ကုန်ကျခဲ့ကြောင်း သိရပြီး၊ ထီးတော်တင်လှူပူဇော်ခြင်းများအပါအဝင် ငွေကျပ် သိန်း ၅၅၀ ကျော်ခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)