ကျိုင်းတုံ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ အထူးဒေသ(၄)မိုင်းလားဒေသအတွင်း ဒေသခံပြည်သူများ သွားနှင့် ခံတွင်း ကျန်းမာရေးစောင့်ရှောက်ကုသရေးလုပ်ငန်းများကို စက်တင်ဘာလ ၇ ရက်မှ ၂၂ ရက်နေ့ထိ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့)၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အထူးဒေသ(၄)တို့၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (သွားနှင့်ခံတွင်း) ဒေါက်တာခင်မောင် ဦးဆောင်သည့် အဖွဲ့ဝင် (၃၄)ဦးပါဝင်သော သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်ကုသရေးအဖွဲ့သည် အထူးဒေသ(၄)မိုင်းလား၊ ဆီလူး၊ မိုင်းဆော၊ ကျိုင်းခမ်းဒေသများ၌ ဒေသခံတိုင်းရင်းသားပြည်သူများ၏ သွားအတုတပ်ခြင်း၊ အခြားသွားနှင့်ခံတွင်း ပြဿနာများအတွက် ကျန်းမာရေးအတွက် စမ်းသပ်စစ်ဆေး ကုသပေးမှုများကို ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)