စမ်းချောင်း စက်တင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ကျောင်းသားလူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တများ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်၍ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်(၁ဝ)နာရီက စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ ပြိုင်ပွဲနှင့်ပတ်သက်သည့် စည်းမျဉ်းစည်းကမ်းများကိုလည်းရှင်းလင်း ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
နီလာစိုး