မူဆယ် စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ မူဆယ်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများအပြင် မူလွန်ကျောင်းများအထိ လူငယ်စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်က စွမ်စော်-မူလတန်းလွန်ကျောင်းတွင် အလယ်တန်းဆင့်ကျောင်းသား/သူများဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ရှေးဦးစွာ အခြေခံပညာရေးဦးစီးဌာန၊ မူဆယ်ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ကိုက ယခုကဲ့သို့ လူငယ်စကားဝိုင်းကျင်းပခြင်းဖြင့် နောင်အနာဂတ်လူငယ်များ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချတတ်စေရန်၊ နောင်တစ်ချိန် တိုင်းပြည်တာဝန်များကို လက်လွှဲယူမည့် တိုင်းပြည်အနာဂတ်လူငယ်များကို အသိပညာဗဟုသုတကြွယ်ဝစွာဖြင့် အပြန်အလှန်ဖြေကြားဆွေးနွေးတတ်ကြစေရန်ရည်ရွယ်၍ လူငယ်များမျက်စိပွင့် နားပွင့် ပြောကြားဆွေးနွေးတတ်စေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဖြင့် ပူးပေါင်းဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားအနေဖြင့် ပြောကြားခဲ့ပါသည်။ ထို့အတူ မူဆယ်မြို့နယ်အားကစားမှူး ဦးမြင့်ထွေးကလည်း ကျောင်းသား/သူများကို အားကစားနှင့်ပတ်သက်သော ဗဟုသုတများ အကျဉ်းချုပ်ပြောကြားခဲ့ပါသည်။ ထို့နောက်တွင် စွမ်စော်-မူလတန်းလွန်ကျောင်းမှ Grade-5 ကျောင်းသား (၁)ဦး၊ Grade-7 ကျောင်းသူ(၁)ဦးနှင့် Grade-8 ကျောင်းသား/သူ(၅)ဦး စုစုပေါင်းအလယ်တန်းဆင့်ကျောင်းသား/သူ(၇)ဦးတို့က လူငယ်စကားဝိုင်းတွင် လူငယ်တို့နှင့်သက်ဆိုင်သော လူငယ်နှင့်ဝါသနာ၊ ပညာရေး၊ ဘဝရည်မှန်းချက်၊ စာဖတ်ခြင်းအလေ့အထ၊ ဆိုရှယ်မီဒီယာကောင်းကျိုး/ဆိုးကျိုးများ၊ လူငယ်နှင့်အားကစားတို့အပြင် လူငယ်နှင့်မူးယစ်ဆေးဝါးစသည့်အကြောင်းအရာတို့ကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများနှင့်အပြန်အလှန် ဖြည့်စွက်ပြောကြားချက်များ၊ ထပ်ဆင့်သိရှိလိုသော အကြောင်းအရာများနှင့် ကျောင်းသား/သူတစ်ဦးချင်းစီ၏ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်ပြီး မူဆယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်မှူးဦးအယ်လ်စိုးထန်တူးက လူငယ်စကားဝိုင်းတွင် အပြန်အလှန် ဖြေကြားဆွေးနွေးသွားကြသော ကျောင်းသား/သူများ၏ ဆွေးနွေးပြောကြားချက်များကို ထပ်ဆင့်ဖြည့်စွက် ပြောကြားခဲ့ပြီး ခရိုင်မှူးမှကျောင်းသား/သူများကို စာရေးကိရိယာများ ဆုချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
မူဆယ်ခရိုင်(ပြန်/ဆက်)