ညောင်ဦး စက်တင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ငါ့သရောက်လျှပ်စစ်/ဆိုလာ မြစ်ရေတင်မှ ပေးလွှတ်သော လောကနန္ဒာလျှပ်စစ်မြစ်ရေတင်ရေဖြင့် မိုးစပါးဧက ၂၈၄ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ တာဝန်ရှိသူများထံက သိရသည်။
ညောင်ဦးမြို့နယ် လောကနန္ဒာလျှပ်စစ်မြစ်ရေတင်ဖြင့် မိုးစပါးစိုက်ပျိုးရန် ဇူလိုင်လတွင် စပါးပျိုး စတင်ပျိုးထောင်ခဲ့ကြောင်း ဩဂုတ်လဆန်းပိုင်းကစတင်၍ ပျိုးပင်များ လယ်ကွင်းအတွင်း ရွေ့ပြောင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။ ကျောက်ကူးလျှပ်စစ်မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးမျိုးမှာ ဧရာမင်း၊ မနောသုခ၊ ဆင်းသုခစပါးမျိုးများသာ တောင်သူများ စိုက်ပျိုးကြပြီး ပျိုးထောင်ရက် ၂၁ ရက်အကြာတွင် စိုက်ပျိုးမည့် လယ်မြေအတွင်း ရွေ့ပြောင်းစိုက်ရကြောင်း စပါးတစ်သီးရင့်မှည့်ချိန်ထိ ငါးလကြာမြင့်ကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြ၍ သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် မိုးစပါးစိုက်တောင်သူများ စပါးသီးနှံရိတ်သိမ်းပြီးချိန်အထိ တစ်ဧကစိုက်ပျိုးရေသွင်းစရိတ် ၆၀၀၀ ကျပ် ပေးသွင်းရပြီး၊ နွေစပါးစိုက်ပျိုးချိန်တွင် စပါးတစ်သီးစာ ၉၀၀၀ ကျပ်ပေးရကြောင်း၊ အခြားသီးနှံအတွက် ၃၀၀၀ ကျပ် ပေးသွင်းရကြောင်း သိရသည်။ မြစ်ရေတင်ဖြင့် စိုက်ပျိုးသည့် စပါးများအထွက်နှုန်း ပုံမှန်ကောင်းမွန်ပြီး ရေပေးသွင်းခလည်း တန်လွန်းကြောင်း၊ မိုးစပါးဆိုသော်လည်း ညောင်ဦးဒေသတွင် တစ်နှစ်ပတ်လုံးမှ မိုးရေချိန် ၂၀ လက်မအောက်သာ ရွာသွန်းခြင်းကြောင့် စပါးအောင်ရေအထိ မြစ်ရေတင်ရေသွင်းရကြောင်း တစ်ဧကသွင်းဈေးလည်း တန်လွန်းကြောင်း မိုးစပါးစိုက်တောင်သူများက ရှင်းပြသည်။ မိုးစပါးစိုက်ပျိုးရာတွင် စပါးတစ်ဧက ကောက်စိုက်သမစိုက်ပျိုးခ (၅၅၀၀၀)ကျပ်ဖြင့် စိုက်ဧကပြတ် စိုက်ပျိုးခြင်းနှင့် လက်စားပြန်လည် စိုက်ပျိုးကြခြင်းများလည်း ရှိကြကြောင်း မိုးစပါးစိုက်တောင်သူများထံက သိရသည်။
ဒီပါလင်း