ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ သိကြားပုန်းဂူဘုရားဖူးမြှော်ပြီး မုခ်ချိုင့်ငယ်များအတွင်းရေးဆွဲထားသည့် ဗုဒ္ဓဝင်ခန်းများနှင့်နံရံဆေးရေးပန်းချီများကို လေ့လာနိုင်

ညောင်ဦး  စက်တင်ဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသအတွင်း လေ့လာရေးဘုရားဖူးလာရောက်ခဲ့ပါက အေဒီ ၁၂ ရာစုတွင်တည်ဆောက်ထားသည့် သိကြားပုန်းဂူဘုရားဖူးမြှော်ပြီး ဂူဘုရားကြီးအတွင်းရှိ မုခ်ချိုင့်ငယ်များအတွင်း ရေးဆွဲထားသည့် ဗုဒ္ဓဝင်ခန်းများနှင့်နံရံဆေးရေးပန်းချီများကိုလေ့လာနိုင်ကြောင်း သိရသည်။

သိကြားပုန်းဘုရားသည် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်း၏ အရှေ့မြောက်ဘက်ဝက်ကြီးအင်းရပ်ကွက်၏ တောင်ဘက်သိကြားဟစ်ဘုရားအနီးတွင် တည်ရှိသည်။ သိကြားပုန်းဘုရားသည် သိကြားဟစ်ဘုရားကဲ့သို့ အေဒီ ၁၂ ရာစုလက်ရာ ကွမ်းတောင်ပေါက် တစ်ထပ်ဂူဘုရားဖြစ်ပြီး ဂူဘုရားအတွင်းရှိ မုခ်ချိုင့်ငယ်များတွင်ဗုဒ္ဓဝင်ခန်းများကို ရုပ်ကြွနှင့်နံရံဆေးရေးပန်းချီများကို လေ့လာတွေ့ရှိနိုင်ပြီး လှိုဏ်အတွင်းပလ္လင်တော်ပေါ်၌ အတွင်းမှရုပ်ပွားဆင်းတုတော်ငယ်ကိုငုံ၍ ထုလုပ်ထားသည့် နှစ်ထပ်ရုပ်ပွားဆင်းတုတော်ကြီးကိုလည်းဖူးမြှော်လေ့လာနိုင်ကြောင်း၊ သိကြားပုန်းဘုရားသည် တိုက်မအရှေ့ဘက်လှည့်ဂူဘုရားတစ်ဆူကာသိကြားပုန်းဘုရား၏ အရှေ့ဘက်တွင် ရွှေစည်းခုံဘုရား၊ တောင်ဘက်ကပ်လျှက် သိကြားဟစ်ဘုရား၊ ရွှေလိပ်တူးဘုရား၊ ရွှေလိပ်ပေါက်ဘုရား၊ အနောက်တောင်ဘက်တွင် ထီးလိုမင်းလိုဘုရား၊ အနောက်ဘက်တွင် ငွေစည်းခုံဘုရား၊ စတုမုခဘုရားနှင့်သူငယ်တော်ဘုရားတို့ကိုလည်း ဖူးမြှော်လေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း