နမ္မတူ စက်တင်ဘာ ၂၄
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှဦးဆောင်၍ ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး ဒုတိယအကြိမ် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် (၇)နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့မှ အရာရှိများ၊ စစ်သည်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စက်ရုံအလုပ်ရုံတို့ရှိ လုပ်သားပြည်သူများ ပူးပေါင်း၍ မြို့နယ်ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပစေရေးအတွက် ဆေးရုံဝင်းအတွင်းအပြင်ရှိ ချုံ၊ နွယ်၊ ပိတ်၊ ပေါင်း၊ မြက်ပင်နှင့် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများရှင်းလင်းပေးခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနပိုင် အမှိုက်သယ်ယာဉ် နှစ်စီးဖြင့် အမှိုက်များသိမ်းဆည်း ဆောင်ရွက်ပေးခဲ့သည်။
မြို့နယ်ပြည်သူ့ဆေးရုံ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လှုပ်ရှားအမှတ် (၁) စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးမင်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှုအားပေးကာ လိုအပ်သည်များအား မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)