မြောက်ဥက္ကလာပမြို့နယ်တွင် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၄

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဆွေးနွေးပွဲကို မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ခရေခန်းမတွင် ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပခဲ့သည်။

ရှေးဦးစွာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ အောင်မြင့်မော်က အဖွင့်အမှာစကားပြောကြားခြင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်နှင်းအေးက စွန့်ပစ်အမှိုက်ဆိုင်ရာအသိပညာ၊ အမူအကျင့်ကောင်းများနှင့်စပ်လျဥ်း၍ အသိပညာပေးပြောကြားခြင်း၊ လက်တွေ့သရုပ်ပြသခြင်းနှင့် စွန့်ပစ်အမှိုက်များဆိုင်ရာ မေးခွန်းများ မေးမြန်းခြင်း၊ မေးခွန်းများ မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် သန့်ရှင်းရေးဌာနမှ တာဝန်ခံဦးနေလင်းက ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးအား အမှိုက်အစို၊ အခြောက်ခွဲခြားခြင်းအား လက်တွေ့သရုပ်ပြယှဥ်ပြိုင်ခြင်းနှင့် ယှဥ်ပြိုင်သူများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ကျန်းမာရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာရွှေဘော်မှ ကျန်းမာရေးဆိုင်ရာ အသိပညာပေးပြောကြားခြင်း၊ စွန့်ပစ်အမှိုက်ဆိုင်ရာ အသိပညာပေး လက်စွဲစာစောင်၊ လက်ကမ်းစာစောင်နှင့် အမှိုက်အိတ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းတင်ယုဆွေ၊ ဗလာစာအုပ်နှင့် ခဲတံများကို မြောက်ဥက္ကလာပမြို့နယ် စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာတို့က ပေးအပ်ရာ အ.ထ.က(၁)မြောက်ဥက္ကလာပကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မူမူမြင့်က လက်ခံရယူခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် ဒုတိယပညာရေးမှူး ဦးတင်လက်က ကျေဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အကြီးအကဲများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ အ.ထ.က(၁) ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်းအင်အား (၃၅၀)ကျော်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)