သာကေတမြို့နယ်တွင် အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်း (အခမဲ့)ဖွင့်လှစ်

သာကေတ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီး ဌာနနှင့်မြို့နယ် အမျိုးသမီးများအသင်း (Women Club)  တို့ ပူးပေါင်း၍  တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်းပညာဖြင့် တစ်ဖက်တစ်လမ်း အကျိုးပြုစေရန်ရည်ရွယ်၍ အမျိုးသမီးအိမ်တွင်းမှုပညာသင်တန်းများ စဥ်ဆက်မပြတ် ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နေ့လယ်(၁၂:၃၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်ခန်းမတွင် အိမ်တွင်းမှုသင်တန်းအဖြစ် (Fancy) အလှပန်းအိုး ပြုလုပ်နည်းသင်တန်းအား ဖွင့်လှစ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဆောင်းနှင်းဖြူနှင့် မြို့နယ် (Women Club)အဖွဲ့ နာယက ၊တရားလွတ်တော်ရှေ့နေ ဒေါ်သီတာအေးတို့မှ အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ်အဖြစ် ဆောင်ရွက်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဥ်များ၊ သင်တန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေးများကို ပြောကြားခဲ့သည်။

ဆက်လက်ပြီး သင်တန်းနည်းပြ  ဆရာမ ဒေါ်ခင်နန်းမြင့်မှ Fancy အလှပန်းအိုး ပြုလုပ်ပုံ ပြုလုပ် နည်းအဆင့်ဆင့်ကို နေ့လယ်(၁၂:၀၀)နာရီမှ မွန်းလွဲ (၃:၀၀)နာရီအထိ သင်ကြားပို့ချခဲ့ရာ မြို့နယ် (Women Club)အဖွဲ့ဝင်များ၊ လက်မှုပညာဝါသနာရှင်များက သင်ကြားတက်ရောက်ခဲ့သည်။ အဆိုပါသင်တန်းအား စက်တင်ဘာလ (၂၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ (၂)ရက်ကြာ (အခမဲ့) ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)