မအီမြို့ ဂျီဖြူတောင်ကျေးရွာ အ. ထ. က(ခွဲ)၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်

မအီ စက်တင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ ဂျီဖြူတောင်ကျေးရွာအုပ်စု၊ အ. ထ. က(ခွဲ) ဂျီဖြူတောင် ဆေးထိုးစုရပ်၌ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် အဆိုပါ ကျေးရွာအုပ်စု ကျေးလက်ကျန်းမာရေးဌာန(ခွဲ) ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေး မထိုးနှံမီ အ. ထ. က(ခွဲ) ဂျီဖြူတောင် ကျောင်းအုပ်ဆရာကြီး ဦးဇော်ဇော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ အခမဲ့ စီစဉ်ပေးသည့် သားအိမ်ခေါင်းကင်ဆာရောဂါ(HPV) ကာကွယ်ဆေးထိုးနှံခြင်းကို သတ်မှတ်အသက်အရွယ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသူအမျိုးသမီးငယ်များ မကျန်ရှိစေရေးအတွက် သက်ဆိုင်ရာ ဆရာ/ဆရာမများနှင့် မိဘများအနေဖြင့် စာရင်းကောက်ယူခြင်းနှင့် နှိုးဆော်ပေးခြင်းများကို ဆောင်ရွက်ပေးစေလိုပါကြောင်း၊ ယခုကဲ့သို့ အ. ထ. က(ခွဲ) ဂျီဖြူတောင်သို့ ကျောင်းအခြေပြုအနေဖြင့် လာရောက်ထိုးနှံပေးစဉ်တွင် မပျက်မကွက်ထိုးနှံသွားကြရန် တိုက်တွန်းလိုပါကြောင်းနှင့် ကာကွယ်ဆေးကို ကွင်းဆင်းထိုးနှံပေးကြသည့် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းနှင့် တာဝန်ရှိသူများအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျန်းမာရေးမှူး ဦးလှဝင်းက HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေးပြောကြားရာတွင် ယခု ထိုးနှံပေးမည့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ အရည်အသွေးမီ အသိအမှတ်ပြုကြောင်းရရှိထားပြီး နိုင်ငံတကာသုတေသနပြုချက်များအရ ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပါကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းတွင် အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့် ရောဂါဖြစ်သည့်အတွက် အဆိုပါရောဂါကိုကာကွယ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သားအိမ်ခေါင်းရောဂါကာကွယ်ဆေးကိုထိုးနှံပေးမည့် အမျိုးသမီးငယ်များ၏ အသက်အပိုင်းအခြားမှာ အသက် ၉ နှစ်မှ ၁၂ နှစ်အတွင်း အရွယ်ရှိရမည်ဖြစ်ကြောင်း၊ ဆေးအမျိုးအစားမှာ WHO မှ အသိအမှတ်ပြုထားသည့် Gardasil အမည်ရှိ အရည်အသွေးကောင်းမွန်သည့် ဆေးဖြစ်ကြောင်း ပြောကြားခဲ့ပြီး အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ကျန်းမာရေးအသိပညာပေးဟောပြောရာ အ. ထ. က(ခွဲ)ကျောင်းသို့ ကာကွယ်ဆေးထိုးနှံသည့် ကျောင်းသူမိဘများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ ကာကွယ်ဆေးထိုးနှံရာတွင် အသက် (၉) နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဖော်ပြပါ အ. ထ. က(ခွဲ) ဂျီဖြူတောင် ဆေးထိုးစုရပ်သို့ ဂျီဖြူတောင်ကျေးရွာ၊ ကျောက်ကြီးပေါက်ကျေးရွာ၊ ကံကျွန်းကျေးရွာ၊ အောင်သပြေကျေးရွာ၊ အောင်စည်သာကျေးရွာနှင့် တောင်ပေါ်ကျေးရွာ စသည့် အခြေခံပညာကျောင်းများမှ ကျောင်းသူများက လာရောက်ထိုးနှံခဲ့ကြပြီး အမျိုးသမီးငယ် (၈၉)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ အလားတူ HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မအီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာဆေးထိုးစုရပ်များ၌ စက်တင်ဘာ(၁၉) ရက်နေ့မှ စတင်၍ (၂၈)ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးမှူး ဦးလှဝင်းက သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)