အလုံမြို့နယ်၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်းသိကောင်းစရာ ဟောပြောပွဲဆောင်ရွက်

အလုံ     စက်တင်ဘာလ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကြီးမှူးပြုလုပ်သည့် ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အလုံမြို့နယ်အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း၊ သဇင်ခန်းမ၌  ကျင်းပပြုလုပ်ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းမှ အဖွင့် အမှာစကား ပြောကြားခဲ့သည်။  ထို့နောက် ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က ကြက်ခြေအကြောင်း သိကောင်းစရာများကို ပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သိင်္ဂီက အမှာစကားပြောကြားခဲ့သည်။ 

ထို့နောက် ဟောပြောပို့ချပေးသော ကြက်ခြေနီနည်းပြဆရာများအား အလုံမြို့နယ် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရန်အောင်က ဂါဝရပြုလက်ဆောင်ပေးအပ်ခဲ့ပြီး အခမ်းအနားဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီပေးသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ရန်ကုန်အနောက်ပိုင်းခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးနေဝင်းထွန်း၊ ရန်ကုန် အနောက်ပိုင်းခရိုင် ကြက်ခြေနီ ဒုတိယခရိုင်မှူး ဦးသက်မောင်၊ အလုံမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ နည်းပြဦးသန်းဝင်းတို့က ကြက်ခြေနီအကြောင်း၊ ရှေးဦးပြုစုနည်း၊ လူနာများကို ပြုစုစောင့်ရှောက်နည်းများကို   စာတွေ့ဟောပြောပို့ချခြင်း၊  သင်ထောက်ကူပစ္စည်းများဖြင့် လက်တွေ့သရုပ်ပြဟောပြော ပို့ချခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တင်တင်ချို (ပြန်/ဆက်)