ဝါးဖြင့်ပြုလုပ်ထားသော တံမြက်စည်းများ ငါးရက်တစ်ဈေးနေ့တွင် ရောင်းချရ၍ အပိုဝင်ငွေတိုး

မန့်ဟီးရိုး စက်တင်ဘာ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်ခရိုင်အတွင်းရှိ ရွှေလီမြစ်ဝှမ်းလွင်ပြင်ဒေသရှိ မန့်ဟီးရိုးမြို့တွင် ဒေသခံတိုင်းရင်းသားများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား လုပ်ကိုင်လျက်ရှိပြီး ဒေသရှမ်းပြောင်းနှင့် ဆန်စပါးများ စိုက်ပျိုးပြီးစီးချိန်တွင် အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အပိုဝင်ငွေရသည့် ဝါးတံမြက်စည်းများ၊ ဝါးဖြင့်ရက်လုပ်သော လူအသုံးအဆောင်ပစ္စည်းများကို ဒေသငါးရက်တစ်ဈေးတွင် ပြန်လည်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးနှင့် စီးပွားရေးကို တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိလျက်ရှိပါသည်။

ဒေသခံတိုင်းရင်းသားများသည် မိုးဦးစပါးစိုက်ပျိုးပြီးစီးချိန်တွင် ဝါးပင်များကို တစ်လံသာသာခန့် အညီဖြတ်တောက်လျက် နေပူလှန်းကာ ဝါးရွက်များအား ခြောက်သွေ့ချိန်တွင် လက်ကိုင်ဝါးရိုးတွင် စနစ်တကျ တွဲကပ်ချည်နှောင်ပြီး အိမ်တွင်းသုံး မတ်တပ်လှဲတံမြက်စည်းများကို ပြုလုပ်ရောင်းချလျက်ရှိပါသည်။ မန့်ဟီးရိုးမြို့၊ ဒေသငါးရက်တစ်ဈေးတွင် ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ ဒေသထွက် ရှမ်းအစားအစားများနှင့် ဒေသခံတိုင်းရင်းသားတို့ လက်လုပ်လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း ရောင်းချလျက်ရှိရာ အနီးနားရှိ မူဆယ်မြို့နှင့် နမ့်ခမ်းမြို့တို့မှ ဒေသခံဈေးသည်များက လက်ကားဈေးဖြင့် ဝယ်ယူ၍ ပြန်လည်ရောင်းချလျက်ရှိပါသည်။ မန့်ဟီးရိုးဒေသထွက် ဝါးတံမြက်စည်းများကို တစ်ချောင်းလျှင် မြန်မာကျပ်ငွေ(၂၀၀၀)ကျပ်မှ အရွယ်အစားအကြီး၊ အသေး၊ လက်ကိုင်ဝါးရိုးအတို၊ အရှည်အလိုက် အစားစား ပြုလုပ်ရောင်းချလျက်ရှိပါသည်။

 “စပါးစိုက်ပြီးချိန်မှာ ဝါးတံမြက်စည်းတွေ လုပ်ရောင်းတယ်။ အပိုဝင်ငွေရတာပေါ့။ ဝါးတံမြက်စည်း အပြင် ဝါးကုလားထိုင်၊ ဝါးခမောက်၊ ကြက်အုပ်ဆောင်းတွေရော လုပ်ရောင်းတယ်။ တစ်နေ့ကို ဝါးတံမြက်စည်း (၃)ချောင်းလောက်တော့ လုပ်လို့ပြီးတယ်။ ပြီးသွားရင်နေလှန်းတယ်။ ပြီးရင်တော့ ဈေးမှာရောင်းတယ်လို့” မန့်ဟီးရိုးမြို့၊ ဒေသငါးရက်တစ်ဈေးတွင် ရောင်းချနေသော ဒေသခံတိုင်းရင်းတစ်ဦးထံမှ သိရှိရပါသည်။

မန့်ဟီးရိုး(ပြန်/ဆက်)