ညောင်ရွှေ စက်တင်ဘာ ၂၄
အင်းလေးကန်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် စိုက်ပျိုးမွေးမြူရေး အစရှိသည့် အင်းနေ ပြည်သူများ၏ လူမှုဘဝများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံခြင်းကို စက်တင်ဘာ(၂၃)ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ငါးဖယ်ချောင်းကျေးရွာ၌ ပြုလုပ်ခဲ့ သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းပြောကြားပြီးနောက် လိုက်ပါလာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လုံခြုံရေး၊ ကျန်းမာရေး၊ စိုက်ပျိုးမွေးမြူရေး၊ လူမှုရေးကိစ္စရပ်များကို မိမိတို့ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဒေသခံတိုင်းရင်းသားပြည်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးဖြေကြားပေးခဲ့ကြကြောင်းနှင့် ကျန်းမာရေးဌာနမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စိုင်းအယ်ဘဲ