မအီ စက်တင်ဘာ ၂၄
မူလတန်းအရွယ်ကလေးများအနေဖြင့် အသိပညာ အတတ်ပညာပေါင်းစပ်ပြီး မိမိအကျိုး၊ နိုင့်ငံ့အကျိုးများကို ဆောင်ရွက်တတ်စေရန်၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ခွဲခြားသိမြင် ရွေးချယ်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးလာစေရန်ရည်ရွယ်၍ မူလတန်း(အထက်)ဆင့် ပညာတန်ဆောင် ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ "မြရတနာ" ခန်းမ၌ ယနေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
ရုပ်ပြစာစီစာကုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကျောင်းသား/ကျောင်းသူများရှေ့တွင် မည်သည့်စာမျှ ရေးသားဖော်ပြထားခြင်းမရှိသည့် ကာတွန်း/ပန်းချီ ရုပ်ပြပုံများကို ပြသထားရှိပါကြောင်း၊ ၎င်းတို့အနက်မှ မိမိတို့ ကြိုက်နှစ်သက်ရာ ရုပ်ပုံကိုရွေးချယ်၍ နှစ်သက်ရာခေါင်းစဉ်ဖြင့် စာစီကုံးနိုင်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများအား ပညာရေးစုံညီပွဲတော် ဆုချီးမြှင့်ခြင်းအစီအစဉ်တွင် ဆုများချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်းတို့ကို အ. ထ. က(မအီ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်မြတ်ခိုင်က ပြောကြားသည်။
ဖော်ပြပါ မူလတန်း(အထက်)ဆင့် ပညာတန်ဆောင်ရုပ်ပြစာစီစာကုံး မြို့နယ်အဆင့်ပြိုင်ပွဲကို အောက်တိုဘာ(၈)ရက်နေ့တွင် တောင်ကုတ်မြို့၌ ယှဉ်ပြိုင်ကျင်းပသွားမည် ဖြစ်ပါကြောင်း၊ ယနေ့ ရုပ်ပြစာစီစာကုံးပြိုင်ပွဲကို Grade(3), Grade(4), Grade(5) တို့မှ မူလတန်း(အထက်)အဆင့် ကျောင်းသား/ကျောင်းသူ (၄၅)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်မျိုးမြတ်မြတ်ခိုင်က ဆက်လက်ပြောကြားသည်။
မောင်မောင်ဌေး(ပြန်/ဆက်)