နမ့်ခမ်း စက်တင်ဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ "လူငယ်နှင့်စာရိတ္တ" ခေါင်းစဥ်ဖြင့် လူငယ်စကားဝိုင်း ကျင်းပဆောင်ရွက်ကြောင်းသိရသည်။
ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည် မြင့်မားလာစေရန်၊ လူထုပရိသတ်အရှေ့၌ ပြောဆိုဆွေးနွေးတက်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးတက်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ လိမ္မာရေးခြားမှုရှိပြီး အကျင့်စာရိတ္တကောင်းမွန်လာစေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊ ပြန်လည်မျှဝေတက်ခြင်း စသည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပ ဆောင်ရွက်ပေးခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး(တာဝန်ခံ)၊ အ.ထ.က(၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသွယ် သွယ်ဝင်း က လူငယ်စကားဝိုင်း ကျင်းပခြင်းနှင့်ပတ်သက်၍ ဆွေးနွေးသူများ၏ ဆွေးနွေးချက်များကို နားထောင်ခြင်းမျိုးမဟုတ်ဘဲ ဆွေးနွေးသူနှင့် တက်ရောက်သူ တို့အားလုံးပါဝင် ဆွေးနွေးမေးမြန်းနိုင်သည့် စကားဝိုင်းဖြစ်ကြောင်း၊ ကျောင်းသားများမှ ဆွေးနွေးချက်၊ မေးမြန်းချက်၊ ဖြေကြားချက်တို့ အပေါ်တွင် အကျိုးကျေးဇူးများရရှိစေခြင်းဖြင့် များစွာအကျိုးရှိစေကြောင်း စသည်ဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး အ.ထ.က(၃) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မာစန်းမှ လူငယ်စကားဝိုင်းကျင်းပခြင်းအပေါ် ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် လူငယ်စကားဝိုင်းကို စတင်ဆွေးနွေးခဲ့ရာ လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ရှိ အကြောင်းအရာများကို မြို့နယ်ပြန်/ဆက်ရုံးမှ မြို့နယ်ဦးစီးမှူးက စတင်ဆွေးနွေးပေးခဲ့ပြီး အ.ထ.က(၃)ကျောင်းရှိ ကျောင်းသား ကျောင်းသူများမှ ပါဝင်ဆွေးနွေးသူ Grade-11 မှ မနွေးနွေးလှိုင်၊ လွေးသက်မိုးဇင်မောင်၊ လွေးသဇင်မိုးဦးနှင့် လွေးအီမိုးကြည်ကြည်အောင်၊ Grade-9 မှ မိုင်းဆွတ်ဆိုင်းအောင်နှင့် မိုင်းငြိမ်းပိုင်ထွန်းတို့က လူငယ်နှင့်စာရိတ္တနှင့်ဆက်စပ်သည့် စာရိတ္တအကြောင်းများ၊ ထားရှိသင့်သည့်လူ့ကျင့်ဝတ်အကြောင်းများ၊ လူတိုင်းစောင့်စည်းအပ်သည့် အကျင့်သီလအကြောင်းများ၊ စာပေကျမ်းဂန်လာ ဥပမာနှင့် သာဓကများ စသည့် လူငယ်နှင့်စာရိတ္တ နှင့်ပတ်သက်ဆက်နွယ်သော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသူများမှလည်း သိလိုသည်များနှင့် ဖြည့်စွက်ဆွေးနွေးလိုသည်များကို မေးမြန်းခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ပါဝင်ဆွေးနွေးသူ ကျောင်းသားကျောင်းသူတို့မှ ပြန်လည်ဖြေကြားပေးခြင်း၊ ပြည့်စုံစွာ ဖြည့်စွက်ဆွေးနွေးပေးခြင်းတို့ဖြင့် အပြန်အလှန်ဆွေးနွေးခြင်း ဆောင်ရွက်ခဲ့သည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် အ.ထ.က(၁)၊ အ.ထ.က(၂)နှင့် အ.ထ.က(၃) ကျောင်းတို့မှ ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
နမ့်ခမ်းမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စီစဥ်ကျင်းပသည့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲသည် မြို့ပေါ်ရှိ အခြေခံပညာ အထက်တန်းကျောင်း (၃) ကျောင်းတို့၌ ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ကြောင်း၊ လူငယ်စကားဝိုင်းကို ကျင်းပနိုင်ရန် မြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်းများနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နမ့်ခမ်း(ပြန်/ဆက်)