ခရမ်း အောက်တိုဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ၊ ခရမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် နေ့စဉ်နံနက်(၇)နာရီက မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိသူများအား အသိပညာပေးခြင်းနှင့် စည်းကမ်းလိုက်နာခြင်းမရှိသူများအား ဒဏ်ကြေး ငွေပေးဆောင်စေခြင်းဖြင့် စည်းကမ်းလိုက်နာမှု ရှိစေရန် နေ့စဉ်ကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုကို ကိုဗစ်- ၁၉မြို့နယ် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ ဈေးကြီးကြပ်ရေးတာဝန်ခံနှင့် ဈေးလုံခြုံရေးများ ပူးပေါင်း၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းချသူ ဈေးဝယ်သူများနှင့် ဈေးရှေ့တွင် သွားလာနေသူများ စက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ယာဉ်များပေါ်တွင် စီးနင်းလိုက်ပါလာသူများအား နှာခေါင်းစည်း(mask) တပ်ဆင်လာခြင်းမရှိပါက ဒဏ်ကြေးငွေ (၁၅၀)ကျပ်၊ maskတစ်ခု တန်ဖိုးငွေ(၅၀)ကျပ် စုစုပေါင်း(၂၀၀)ကျပ် ပေးဆောင်စေပြီး ခုဝယ်ခုတပ် အစီအစဉ်ကို ဆောင်ရွက်ခဲ့ကြသည်။
နေ့စဉ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ကြပ်မတ်ဆောင်ရွက်လျက်ရှိသောကြောင့် ယခုအခါ အပြင်ထွက်လာသူတိုင်း နှာခေါင်းစည်း(mask) တပ်ဆင်လာကြသည်ကို မြင်တွေ့ရပြီး စနစ်တကျ တပ်ဆင်မှုဖြစ်စေရန် အသိပညာ ပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများကိုလည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ကိုမင်း(ခရမ်း)