ဝိုင်းမော်မြို့နယ်၌ ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဝိုင်းမော် စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အခြေခံပညာအလယ်တန်း၊ အထက်တန်းအဆင့်ကျောင်းပေါင်းစုံ စာစီစာကုံး၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ကချင်ပြည်နယ် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှူး ဒေါ်အိအိအေးက အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားကာ စာရေးဆရာအကြီးကိုကို(ကသာ) က ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့် ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲအား ဆက်လက်ကျင်းပရာ ဝိုင်းမော်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၆) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၈) ဦး တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းပေါင်းစုံစာစီစာကုံး၊ ပန်းချီ၊ ကျပန်း စကားပြောပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဒိုင်အဖွဲ့ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ယင်းနောက် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲဝင်များ ရေးသားပုံဖော်ထားသည့် လက်ရာများအား နံရံကပ်ပြဘုတ်တွင် ပြသထားရှိမှုများအား လေ့လာကြည့်ရှုခဲ့ကြကြောင်းနှင့် အဆိုပါ စာစီစာကုံး၊ပန်းချီပြိုင်ပွဲကို စက်တင်ဘာလ ၁၉ ရက်နေ့က မော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဖြူစင်(ပြန်/ဆက်)